ဒီတခေါက်
ချင်းပြည်ဖက်က အခြေအနေတွေက စစ်ကောင်စီနဲ့ တင်းမာတာထက် ချင်းပြည်ကောင်စီ(CC) နဲ့ အာရက္ခတပ်တော်
(ULA/AA) ကြား တင်းမာမှုက ပိုမြှင့်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တင်းမာ မှုရှိတယ်
ဆိုတာကလည်း နိုင်ငံရေးအရ မီဒီယာတိုက်ခိုက်မှုထက် သိပ်မပိုတာကို တွေ့ရပါတယ်။ ချင်းပြည်
ကောင်စီ(CC) အနေနဲ့ အာရက္ခတပ်တော် (ULA/AA) က ချင်းပြည်မှာ လက်မခံဘူးဆိုရင် ပလက်ဝကို
စတင်ပြီး တိုက်ခိုက်အချိန်ကတည်း ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် လုပ်ခဲ့သင့်တယ်။ ဒါပေမယ့်
ချင်းပြည် ကောင်စီ(CC) အနေနဲ့ လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချင်းပြည်ကောင်စီ(CC)
က ပလက်ဝ ဘက်မှာ ဘာသက်ရောက်မှုမရှိလို့ဘဲ။ တနည်းအားဖြင့်ပြောရရင် ပလက်ဝဘက်မှာ ချင်းပြည်ကောင်စီ(CC)
ကို ထောက်ခံမှုအားနည်းတဲ့နေရာလည်းဖြစ်ပါတယ်။ ချင်းမှာက လူမျိုးများတော့ ပိုက်နက်နယ်မြေတွေက
သူနေရာနဲ့ သူ ရှိပါတယ်။ ဆိုတော့ ချင်းပြည်ကောင်စီ(CC) အနေနဲ့ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။
ကျွန်တော်အနေနဲ့ ချင်းပြည်နဲ့ပတ်သက်လို့ အရင်တုန်းက ဆောင်းပါးတပုဒ်ရေးဖူးပါတယ်။ အဲ့ထဲမှာပါလည်း
အပြည့်အစုံရေးထားပါ တယ်။
ပလက်ဝ ချင်းပြည်ထဲရောက်သွားပုံ
တကယ်တော့
ရခိုင်နယ်မြေတွေ တဖြေးဖြေးဆုံးရှုံးသွားတာ တနည်းအားဖြင့် အလုခံလိုက်တာဟာ ပလက်ဝ တခု
တည်းမဟုတ်ပါ။ အခြားနေရာတွေလည်း ပါရှိပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်လေ့လာမိသလောက်တော့
ချပြသွားမှာပါ။ ရခိုင်ပြည်သည် ဗမာပြည်၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အရှေ့ဘက်တွင်
မကွေးတိုင်း၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ဧရာဝတီတိုင်း၊ မြောက်ဘက်တွင်
ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ (၁၈၂၄) အင်္ဂလိပ်၊
ဗမာစစ်အပြီးတွင်ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရခိုင်ပြည်၏နယ်နမိတ်မှာ မြောက်ပိုင်းတွင်
ချင်းပြည်နယ် ပလက်ဝတောင်တန်းဒေသမှ တောင်ပိုင်းနဂရေအငူနှင့် ဟိုင်ကြီးကျွန်းအထိ ကျယ်ပြန့်ခဲ့သည်။
ရခိုင်ပြည်၏ နယ်နမိတ်အကျယ်အဝန်းသည်မှာလည်း (၂၁၆၉၄ ) စတုရန်း မိုင် ရှိခဲ့သည်။ သို့ရာတွင်
ရခိုင်တောင်ပိုင်းဒေသ ကျောက်ချွန်းမြစ်မှ
နဂရေအငူအထိ ရှည်လျားသော နယ်မြေများ အား ဗြိတိသျှတို့က အုပ်ချုပ်ရေးယန္တရား ပိုမိုလွယ်ကူရေးအတွက်
ဒုတိယအင်္ဂလိပ်-ဗမာစစ်အပြီး ခရာဇ်နှစ် (၁၈၅၃) တွင် ပုသိမ်ခရိုင် (ယခုဧရာဝတီ တိုင်း)
အတွင်းသို့ ထည့်သွင်းလိုက်လေသည်။ ထိုကြောင့် ရခိုင်ပြည်၏ နယ်နိမိတ်မှာ (၂၁၆၉၄) စတုရန်းမိုင်မှ
(၁၈၉၄၅) စတုရန်းမိုင် ခန့် လျော့ကျသွားလေသည်။
အိန္ဒိယ-ဗမာ
ခွဲရေး၊ တွဲရေးပြဿနာအပြီး (၁၉၃၇) တွင် အင်္ဂလိပ်အက်ဥပဒေအရ နတ်မြစ် အနောက်ဘက်ကမ်း (၃၇)
မိုင်ရှည်လျားသော အနောက်ဘက်ကမ်းရိုးတန်းအား အိန္ဒိယနိုင်ငံ၏အုပ်ချုပ်ရေးလက်အောက်သို့
သွတ်သွင်း လိုက်သောကြောင့် ရခိုင်ကမ်းရိုးတန်းအလျားမှာ (၄၈၀) မိုင်မှ (၄၄၃) မိုင်သို့
လျောဆင်းသွားခဲ့သည်။ ထို့ပြင် ဗမာပြည်လွတ်လပ်ရေးရပြီး (၁၉၅၃) တွင် ယခုပလက်ဝခရိုင်ဟုခေါ်သော
ရခိုင်မြောက်ပိုင်း တောင်တန်းဒေသ ကိုလည်း ချင်းပြည်နယ်ထဲသို့ဆွဲသွင်းခြင်းခံလိုက်ရသည့်အတွက်
ယခုလက်ရှိ ဗမာပြည်တွင် သတ်မှတ်ထားသော ရခိုင်ပြည်နယ်၏နယ်နိမိတ်အကျယ်အဝန်းမှာ (၁၄၂၀၀)
စတုရန်းမိုင်မျှသာ ကျန်ရှိတော့ သည်။
ချင်းညီနောင်နဲ့ အာရက္ခတပ်တော်
(ULA/AA) ရဲ့အချိတ်အဆက်
အာရက္ခတပ်တော်
(ULA/AA) ဟာဆိုရင် ချင်းညီနောင်တပ်ဖွဲ့တွေကို အများကြီးကူညီဖူးပါတယ်။ စစ်သင်တန်း၊ လက်နက်၊
ရိက္ခာ စသည်ဖြင့်ပေါ့လေ။ ဆိုတော့ အာရက္ခတပ်တော် (ULA/AA) အနေနဲ့ ချင်းပြည်သူတွေနဲ့
ချင်းတပ်ဖွဲ့တွေကို အကောင်းဆုံး အိမ်နီးနားချင်းမိတ်ဆွေဖြစ်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။
ချင်းနဲ့ ရခိုင်က အနီးကပ်ဆုံးသော အိမ်နီးချင်းမိတ်ဆွေတွေဖြစ်တာမို့ ရခိုင်အကြောင်းကိုချင်းသိသလို၊
ချင်းအကြောင်းကို လည်း ရခိုင်တွေသိပါတယ်။ ဆိုတော့ အာရက္ခတပ်တော် (ULA/AA) အနေနဲ့လည်း
စစ်ကောင်စီကို နိုင်ငံအနှံ့မှာ ဘုံရန်သူအနေနဲ့ စစ်တိုက်နေရတဲ့အချိန်မှာ ချင်းပြည်ကောင်စီ(CC)
ဒီလို အွန်လှိုင်းတိုက်ခိုက်မှုတွေ လုပ်နေတာ ဟာ ရန်သူအားသာစေတဲ့အချက်တွေဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော် (ULA/AA) ကို ချင်းပြည်မှာ ရှိတဲ့ ချင်းပြည်သူနဲ့ ချင်းတပ်ဖွဲ့တွေက
ထောက်ခံမှုအပြည့်အဝရရှိနေတာကို မြင်ရတော့ ချင်းပြည်ကောင်စီ(CC) အနေနဲ့ ULA/AA ကိုဆန့်ကျင်လည်း
အကြောင်းထူးမှာ မဟုတ်ပါဘူး။ ချင်းညီနောင် (CB) ဟာဆိုရင် အာရက္ခတပ်တော် (ULA/AA) နဲ့
အကောင်းဆုံးမိတ်ဆွေဖြစ်ချင်နေပေမယ့်လို့ CC ကဟန့်တားမှုတွေ လုပ်ဆောင် နေတာကို ပြည်သူတိုင်းက
သိနေပါတယ်။ ချင်းညီနောင် (CB) ဟာဆိုရင် အခုဆိုရင် အာရက္ခတပ်တော် (ULA/AA) အကူအညီနဲ့
အများကြီးကို အောင်မြင်တဲ့အနေအထားကိုရောက်နေပါပီ။ အခုဆိုရင် ချင်းညီနောင် (CB) က မြို့
သိမ်းနိုင်တဲ့အဆင့်ထိရောက်သွားပါပြီ။ ချင်းညီနောင် (CB) တိုရဲ့ တိုက်ပွဲဟာဆိုရင် အောင်မြင်မှုတွေရလာပြီး
အာရက္ခတပ်တော် (ULA/AA) နဲ့အတူတူ အောင်ပွဲခံနေရတာကို မြင်တွေ့ရပါတယ်။ ဒါတွေက ချင်းညီနောင်
(CB)နဲ့ အာရက္ခတပ်တော် (ULA/AA) တို့ကြားက တကယ်ကိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေလို့
ပြောလို့ရပါတယ်။
ချင်းညီနောင်
(CB) နဲ့ ချင်းပြည်ကောင်စီ (CC)
ချင်းညီနောင်
(CB) နဲ့ ချင်းပြည်ကောင်စီ (CC) တို့ကြားက ဆက်ဆံရေးဟာဆိုလို့ရှိရင် တင်းမာတဲ့အနေအထားမှာ
ရှိနေပါတယ်။ ဒါပေမယ့် ချင်းပြည်ကောင်စီ (CC) အနေနဲ့ ချင်းညီနောင် (CB) အဖွဲ့ကို တိုက်ခိုက်နိုင်တဲ့အနေအထား
မတွေ့ရပါဘူး။ ဒါကြောင့် သိပ်စိုးရိမ်စရာတော့မရှိပါဘူး။ တဖက်မှာ အာရက္ခတပ်တော်
(ULA/AA) နောက်ခံရှိတာမို့ CC အဖွဲ့က မလုပ်နိုင်ပါဘူး။ ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) တို့ဘာကြောင့်
တင်းမာတဲ့အနေအထား မှာရှိနေလည်းဆိုရင် CB ဘက်ကတော့ တရားဝင်ပြောကြားထားတာတွေရှိပါတယ်
ချင်းပြည်မှာ CB အနေနဲ့ CC ကို အကူအညီတွေတောင်းခဲ့ပါတယ်။ အထူးသဖြင့် CC ကိုချုပ်ကိုင်ထားတဲ့
CNF/CNA ပေါ့လေ။ CNF/CNA ဟာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အစောဆုံး မဟာမိတ်လုပ်ထားတဲ့အဖွဲ့လည်းဖြစ်သလို့
CNF/CNA က အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာဆလိုင်း လျန်မှုန်းဆိုလို့ရှိရင်လည်း NUG မှာ
ဝန်ကြီးတဦးလည်းဖြစ်ပါတယ်။ ဆိုတော့ ဒေါက်တာဆလိုင်း လျင်မှုန်းက ဖက်ဒရယ်ဝန်ကြီးဆိုတော့
ချင်းပြည်နဲ့ NUG တို့ရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံဟာ ပုံစံတွေတူရင်လည်းတူနိုင်ပါတယ်။
ဒါပေမယ့် ချင်းပြည်ရဲ့ ဖွဲ့စည်းပုံက CNF/CNA တို့ရဲ့ တခုတည်းသော ချုပ်ကိုင်မှုနဲ့ မဖြစ်နိုင်ဘူးဆိုတာကို
ချင်းညီနောင် (CB) က သက်သေပြနေသလိုပါပဲ။
စစ်အာဏာရှင်ကို
အမြစ်ဖြတ်တိုက်ဖို့အတွက် ချင်းညီနောင်တွေ တဖွဲ့ချင်း CNF/CNA တပ်ဖွဲ့စီမှာ အကူအညီ တောင်းခံခဲ့တာရှိပါတယ်။
ဒါပေမယ့် အကူအညီမရခဲ့ပါဘူ။ သူတို့ဆီက အကူအညီမရလို့ အာရက္ခတပ်တော် (ULA/AA) ဆီမှာ အကူအညီတောင်းခံတယ်။
လက်နက်တွေတောင်ရသေးတယ်။ ဒီတော့ တခါတလေ စဉ်စားရတာ တွေက တကယ်ကို ယုတ္တိမဆန်တဲ့ဟာတွေရှိပါတယ်။
ကိုယ့်အချင်းချင်း မိသားစုတွေက မရနိုင်တဲ့ မေတ္တာတွေ အခြားသူတွေဆီကရနိုင်တယ်ဆိုတာကို
တော်လှန်ရေးမှာ သက်သေပြပါတယ်။ ULA/AA ရဲ့ အကူအညီနဲ့ CB ဟာ လက်နက်ခဲယမ်း၊ အင်အားအပါအဝင်
နိုင်ငံရေး၊ စစ်ရေးအားလုံးကို လုပ်နိုင်တယ်။ မြို့သိမ်းနိုင်တဲ့ အဆင့်ထိကို ရောက်ခဲ့တယ်။
တကယ်လို့သာ ဒီလိုအခွင့်အရေးမျိုးတွေသာ CNF/CNA ရရှိခဲ့မယ်ဆိုရင် CB အနေနဲ့ ရော ချင်းပြည်သူအနေနဲ့ပါ
တကယ်ကောင်းတဲ့ ဆက်ဆံရေးမျိုးတွေ ပိုင်ဆိုင်နိုင်ခဲ့မှာပါ။
ဝ မရှိဘဲ ဝိလုပ်ချင်နေသော CNF/CNA
အထက်မှာ
ကျွန်တော် နှိုင်းယှဉ်ပြသွားသလိုပါပဲ CNF/CNA
ကသာ အာရက္ခတပ်တော် ULA/AA ကို ချင်းပြည်နယ်ထဲ က မောင်းထုတ်ချင်တယ်ဆိုရင် ချင်းပြည်သူနဲ့
အခြားချင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထောက်ခံမှုလည်း လိုလိမ့် မယ်။ ဒါပေမယ့် CNF/CNA
နဲ့ကိုယ်ချင်းပြည်ထဲက အဖွဲ့အစည်းတွေကို အရင်ဆုံးစည်းလုံးညီညွတ်အောင် လုပ်သင့် ပါတယ်။
ချင်းပြည်သူတွေတောင်မှ ညီညွတ်မှုမရှိဘဲ ULA/AA ကို မောင်းထုတ်နေတာဟာ တကယ်ကို ရယ်စရာ
ကောင်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပလက်ဝဆိုတာလည်း သမိုင်းအရပြောရမယ်ဆိုလို့ရှိရင် ရခိုင်နယ်မြေပဲ
ဖြစ်ပါ တယ်။ အခုချိန်မှာ အာရက္ခတပ်တော် ULA/AA ဟာ ချင်းပြည်လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်ကို
အတူ လက်တွဲပြီးတိုက်ပွဲဝင်ပေးနေသော မိတ်ဆွေကောင်းလည်း ဖြစ်ပါတယ်။ သို့သော် မိတ်ဆွေကို
ရန်သူလို မြင်နေမယ် ဆိုရင် ဒါဟာကောင်းတဲ့လက္ခဏာတွေဖြစ်လာမှာမဟုတ်ပါဘူး။
ချင်းပြည်မှာ
ULA/AA က ကူညီပေးနေတာရှိပါတယ်။ ဒါပေမယ့်လို့ ချင်းညီနောင် CB ကိုရော ULA/AA ကိုပါ ထိုးနှက်
မှုပြုလုပ်လာတာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ဒါပေမယ့် အနည်းငယ်ထိခိုက်မှုကလွဲလို့ ကြီးကြီးမားမား
ဖြစ်လာ တာကိုတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် အဲ့လို ကြီးကြီးမားမားတွေလည်း ဘယ်သူမှဖြစ်ချင်ကြမှာ
မဟုတ်ပါဘူး။ ဆိုတော့ ULA/AA အနေနဲ့လည်း နိုင်ငံရေးအရ စိတ်ရှည်ထားပုံရပါတယ်။ ဒါပေမယ့်
ချင်းတပ်ဖွဲ့ဝင် အချင်းချင်း ထိတွေ့မှုကြားမှာ မဟာမိတ်ပူးပေါင်းတပ်တွေ “ပဲလှော်ကြား
ဆားညှပ်” ဆိုသလို ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီလို ပြဿနာတွေကမကြီးထွားလာခင်မှာ ထိန်းသိမ်းနိုင်ကြမယ်ဆိုရင်
စစ်ကောင်စီကိုတိုက်တဲ့နေရာမှာ ပိုအား ကောင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ရန်သူအကြိုက်လုပ်ပေးနေတဲ့
ပုံစံမျိုးဖြစ်နေရင်တော့ နောက်ဆတ်တွဲ ထိတွေ့မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို မျှဝေလိုက်ပါတယ်။