Saturday, December 21, 2024

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ


ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြို့ထဲက ၁၄ မြို့ထိကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


 မကြာခင်ပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ပြီး ဒီစစ်ပွဲအတွင်းမှာ အဆင့်မြင့် စက်လက်နက်တွေ အသုံးပြုလာတာကိုတွေ့မြင်ရပါတယ်။ သာလွန်အင်အားနဲ့ နည်းပညာစွမ်းရည်ကို စစ်ရေးမဟာဗျုဟာအရ ပေါင်းစပ်လိုက်တာကြောင့်  အခုလို  တမြို့သိမ်းပိုက်လာနိုင်တယ်လို့လည်း ပြောနိုင်ပါတယ်။


အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက် ကို အထောက်အကူဖြစ်စေတဲ့  အခြားသော အကြောင်းတစ်ခုက မဟာမိတ်ဒေသတွေမှာလည်း အင်အားကို ဖြန့်ကျက်ထားပြီး အုပ်ချုပ်ထောက်ပံ့ရေးကို လိုအပ်သလို စီမံခန့်ခွဲနိုင်ခြင်းက စစ်ပွဲရဲ့အားသာချက်တခုဖြစ်ပါတယ်။ ဒီနေရာ မှာ စစ်ပွဲတခုရဲ့ အုပ်ချုပ်ထောက်ပံ့ရေးကို အနည်းငယ်ရှင်းပြ လိုပါတယ်။ 

၁၉၇၆ ခုနှစ် ကရင်ပြည်ကနေ ရခိုင်ပြည်ကို ဆင်းလာခဲ့တဲ့ Arakan Liberation Army (ALA)  ဥက္ကဋ္ဌ ခိုင်မိုးလင်းရဲ့ မိုးလင်းရာဇာစစ်ကြောင်းဟာ မိုင် ၂၀၀၀ ကျော်ခရီး ကို စစ်သည်အင်အား အလုံးအရင်းနဲ့ဆင်းလာချိန် ချင်းပြည်နယ်မှာ မဆလ တပ်နဲ့တိုက်ပွဲပေါင်း မြောက်မြား စွာဖြစ်ပွားခဲ့ပြီး နောက်ဆုံး လက်နက်ခဲယမ်း၊ ရိက္ခာ တွေချိနဲ့ လာပါတယ်။ 


အဲ့ဒီကတဆင့် ALA တပ်မှာ အုပ်ချုပ်ထောက်ပံ့မှုကို မစီမံနိုင်တာကြောင့် ၁၉၇၇ ခုနှစ်မှာ မိုးလင်းရာစစ်ကြောင်းနဲ့တကွ ဥက္ကဋ္ဌ ခိုင်မိုးလင်း ရဲ့ အသက်ကိုပါ ပေးခဲ့ရပါ တယ်။


လက်ရှိ ရခိုင်စစ်မျက်နှာက အာရက္ခတပ်တော်ရဲ့ အောင်ပွဲတွေက ရခိုင်ပြည်သာမက တနိုင်ငံလုံးနီးပါးမှာ အောင်မြင်မှုတခုကို ရရှိနေပါတယ်။ 

အခုရက်ပိုင်းတွေအတွင်း ထုတ်ပြန်လာတဲ့ အာရက္ခ တပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာ တော်လှန်ရေးတပ်တွေအဖို့ ပိုပြီးအားတက်စရာတွေ မြင်တွေ့လာရပါ တယ်။ အဲ့ဒါက အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) ကို သိမ်းပိုက်လိုက် တဲ့ နိုင်ပွဲ  သတင်းတွေပဲ ဖြစ်ပါတယ်။နပခ မတိုင်ခင် ဒီဇင်ဘာ ၈ ရက်နေ့က သိမ်းပိုက်ခဲ့တဲ့ မောင်တော နခခ (၅) ကို လနဲ့ချီတိုက်ခိုက်ခဲ့ရတာဖြစ် ပါတယ်။ နခခ (၅) ဟာနယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

 ရခိုင်စစ်ပွဲမှာ နခခ (၅) လို ခက်ခက်ခဲခဲနဲ့ ရက်ရှည် ထိုးစစ်ဆင်ခဲ့ရတဲ့ ပလက်ဝ ထရွန်အိုင်နဲ့ နူံးဘူး ဗျူဟာကုန်းလို စခန်းကြီးမျိုးလဲရှိပါ တယ်။ ချင်းပြည်တခုလုံးမှာရှိတဲ့ စစ်ကောင်စီ အင်အားနဲ့ ပလက်ဝ တမြို့တည်းမှာရှိတဲ့ စစ်ကောင်စီ အင်အားဟာ ခန့်မှန်းခြေအားဖြင့် သာတူညီမျှမှုရှိနိုင်ပြီး ပလက်ဝကို သိမ်းပိုက်လိုက်ခြင်းက ရခိုင်ပြည်သို့ ဝင်နိုင်တဲ့ စစ်ရေးလမ်းကြောင်းတခုကို အာရက္ခတပ်တော် အချိန်မှီဖြတ်တောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 


 ရခိုင်တော်လှန်ရေး သမိုင်းကို သင်ခန်းစာကောင်းကောင်းယူခဲ့နိုင်တယ်လို့ လည်း ပြောနိုင်ပါတယ်။ ပလက်ဝဟာ  စစ်ရေးမဟာဗျူဟာ အရ အရေးပါသလို နယ်စပ်ကုန်သွယ်ရေးအရ လည်း အရေးပါတဲ့ နေရာတခုလည်းဖြစ်ပါတယ်။ရခိုင်ပြည် ကို စစ်ရေးအရအနိုင်ယူတိုက်ခိုက်မည်ဆိုရင် ရန်သူထက် သာလွန်အင်အားရှိရမှာဖြစ်ပြီး ရန်သူ့ထောက် ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ရမှာဖြစ်ပါတယ်။

 သို့သော် အာရက္ခတပ်တော် AA က ရခိုင်မြောက်ပိုင်း ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း တို့ကို သိမ်းပိုက်ပြီးချိန် ရခိုင်ပြည်တောင်ပိုင်းက ရမ်းဗြဲမြို့ကို ၃ လအကြာထိုးစစ်ဆင်ခဲ့ပြီးနောက် သိမ်းပိုက်ခဲ့ပါ တယ်။


 ရခိုင်မြောက်ပိုင်းတခုလုံးက မြို့အားလုံးကို သိမ်ပိုက်ပြီးမှ တောင်ပိုင်းဖက်ကို ဖိအားပေး ထိုးစစ် ဆင်လာနိုင်တယ်လို့ မှန်းဆထားပုံရတဲ့ တောင်ကုတ်အခြေစိုက် စကခ (၅) ဟာ ရမ်းဗြဲမြို့ကို AA က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှာ စစ်ရေးသဘောရ စကစဘက်က တုံ့ပြန်မှုတာ ထိရောက်မှုမရှိခဲ့ဘူး လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့် အလစ်ငိုက် တိုက်ခိုက်တာလို့ ပြောရလဲဆိုရင် ရမ်းဗြဲဟာ ကျောက်ဖြူခရိုင် ထဲကဖြစ်ပြီး ရေပတ်လည်ဝိုင်းထားတဲ့ မြို့ဖြစ်ပါတယ်။ ကျောက်ဖြူမှာဆိုရင် ဓညဝတီရေတပ်ဌာနချုပ် တခုလည်းရှိပါတယ်။ တောင်ကုတ် အခြေစိုက် စကခ (၅) လည်းရှိပြီး ရမ်းဗြဲကို စစ်ကူပို့မယ်ဆိုရင် ကြည်၊ ရေ၊ လေ ကအမြန်ဆုံးနည်းနဲ့ ရောက်လာမှာဖြစ်ပါတယ်။


 ဒါပေမဲ့ ကြည်၊ ရေ၊ လေ အပါအဝင် ဒရုန်းကို အများအပြားထုတ်သုံးပြီး ခုခံနေတဲ့ကြားက AA ဟာ ရခိုင်တောင်ပိုင်းက ပထမဦးဆုံး ရမ်းဗြဲကိုသိမ်းပိုက်ခဲ့ တာ စစ်ရေးမဟာဗျုဟာ ကျွမ်းကျင်ခြင်းကို ပြသလိုက်တာဖြစ်ပါတယ်။ဒီတော့ စစ်ကောင်စီဘက် ကလည်း ရခိုင်တောင်ပိုင်းက ဂွ၊ တောင်ကုတ်၊ သံတွဲ မြို့တွေမှာ အဲ့ဒီချိန်တုန်းက စစ်ရေးပြင်ဆင်တာတွေနဲ့ စစ်အက်အားကို တိုးချဲ့လာခဲ့ပါတယ်။


ရခိုင်စစ်မျက်နှာမှာ အာရက္ခတပ်တော် AA ရဲ့ထိုးစစ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ခံစစ်ဆင်မှုအပိုင်းမှာ စစ်ရေး အရ သတိထားစရာဖြစ်လာတဲ့ မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နခခ (၅) နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် (နပခ) တိုက်ပွဲမှာ နှစ်ဖက်စလုံးက နည်းပညာကိုအခြေခံပြီး တိုက်ခိုက်ခဲ့ကြတာ တွေ့ရပါတယ်။

 ဒီတော့ နခခ (၅) တိုက်ပွဲနဲ့ နပခ တိုက်ပွဲကို တခုချင်းစီ အနည်းငယ်ပြောပြလိုပါတယ်။ AA ဖက်ကထုတ်ပြန် ထားတဲ့ နခခ (၅) တိုက်ပွဲရုပ်သံမှာ ဒရုန်းနဲ့ ဟောင်ဝှစ်ဇာအမြောက်ကြီးတွေကို အများအပြားသုံးခဲ့တာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကြီးထွားလာတဲ့ ရခိုင်စစ်မျက်နှာ တိုက်ပွဲတွေမှာ AA က ဒရုန်းကို ရခိုင်မှာ စတင်အသုံးပြုလာတာပဲဖြစ်ပါတယ်။ ၂၀၁၅ ကတိုက်ပွဲတွေနဲ့ တကျော့ပြန် စစ်ပွဲ အစောပိုင်းတွေ မှာ AA က ဒရုန်းအသုံးပြုတာတွေမရှိခဲ့ပါဘူး။ 

စစ်ကောင်စီဘက်မှာ ဒရုန်းကို တရုတ်ဆီက ၂၀၁၈ ကတည်းက ရရှိထားတယ်ဆိုပေမဲ့ UAV ကင်းထောက် ဒရုန်းလောက်ကိုသာ ထုတ်သုံးခဲ့တာတွေ့ရပါတယ်။ ဒရုန်းနည်းပညာဟာ မျက်မှောက်စစ်ပွဲတွေမှာ အတော်လေးကို နေရာယူလာပြီး စစ်ရေးမဟာဗျူဟာတွေမှာ ဒရုန်းကို မူဝါတရပ်အနေနဲ့တောင် ပြောဆိုလာကြတာတွေ့ရပါတယ်။ ဒရုန်းကို မြန်မာတနိုင်လုံးက စစ်ပွဲတွေ မှာ စစ်ကောင်စီတပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းတပ်ဖွဲ့တွေကို ဖွဲ့စည်းလာကြပါတယ်။ 

ထို့နည်းတူ ရခိုင်စစ်မျက်နှာမှာလည်း အာရက္ခတပ်တော် AA က နခခ (၅)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားအပါအဝင် မူဆလင်လက်နက်ကိုင်တပ်တွေကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဒရုန်းကနေ Drop boom တွေအပါအဝင် ဟောင်ဝှစ်ဇာ အမြောက်လက်နက်ကြီးတွေနဲ့ပါ ငါးကြင်းဆီနဲ့ ငါးကြင်းပြန် ကြော်နေတာဖြစ်ပါတယ်။

အမ်းမြို့ အနောက်ပိုင်း တိုင်းစစ်ဌာချုပ်မှာဆိုရင်လည်း အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်သား တွေကို စက်သေနတ်တပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ပါတိုက်ခိုက်လာနေတယ်လို့ စစ်ရေးနီးစပ်သူတွေထံက သိရှိရပါတယ်။

 ဒါက ရခိုင်စစ်ရေးအတွက် အဓိကကျလာတဲ့ ဒရုန်းနည်းပညာတရပ်ဖြစ်လာပြီး စစ်ရေးဗျူ ဟာ တွေကို ကျွမ်းကျွင်ပိုင်နိုင်စွာအသုံးပြုနေတယ်လို့ဆိုရပါမယ်။ 

ပြည်မနဲ့ ဆတ်သွယ်ထားတဲ့ ဝင်ပေါက် ဖြစ်တဲ့ မကွေးတိုင်း၊ ဂွ၊ ငသိုင်းချောင်း ဧရာဝတီ လမ်းကြောင်း အပါအဝင်၊ အမ်း၊ မအီ လမ်းတွေကို AA က မဟာမိတ်တပ်တွေနဲ့အတူ ထိန်းချုပ်ထားပေမဲ့လို့ စစ်ကောင်စီဘက်က စစ်ကူပို့မဲ့ဝင်လမ်းကြောင်းတွေကို တန်ပြန် ဒရုန်းတွေ၊ ဂျက်ဖိုင်တာတွေနဲ့ လမ်းကြောင်းရှင်းပြီး စစ်ကူပို့နေတာရှိပါတယ်။ 

နပခ မကျစေရေး အတွက် စစ်ကောင်စီက AA နဲ့ မဟာမိတ်တပ်တွေရဲ့နေရာကို UAV တွေနဲ့ကင်းထောက်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့သတင်းတွေကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချီနေတာရှိပါတယ်။ 

ဒါ့ပေမဲ့ အခု ရက်ပိုင်း AA ဘက်ကထုတ်ပြန်ချက်တွေမှာ နပခ ရှိ စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ လက်နက်ချ တာတွေကို ဆက်တိုက်ဆိုသလို AA ကထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ရေးအရ စစ်ကူလမ်းကြောင်းတွေကို AA ဘက် ဖြတ်တောက်ထားနိုင်အောင် မဟာမိတ်တွေနဲ့ လက်ဦးမှုရယူထားတာကြောင့် စစ်ကောင်စီ တပ်သား တွေဟာ အမ်း၊ ပဒါန်းကားလမ်းမှာတင် ကျဆုံးသွားတာကြောင့် နပခ ထဲကို အလွယ်တကူဝင်ရောက်နိုင်ခြင်း မရှိပါဘူး။

 စစ်ကောင်စီဘက်က အမ်းတိုက်ပွဲမှာ လေကြောင်းကနေ ဂျက်ဖိုင်တာတွေ ဒရုန်းတွေကို အားပြု ခုခံပေမဲ့လို့ အုပ်ချုပ်ထောက်ပံ့မှုကို စီမံနိုင်ခြင်းမရှိခြင်းက အာရက္ခတပ်တော် AA အတွက် အားသာချက် တခုဖြစ်စေပါတယ်။

ဒါတွေကို ချုပ်ပြောရမယ်ဆိုရင် နခခ (၅) နဲ့ နပခမှာ စစ်ကောင်စီဘက်က ဒရုန်းကာကွယ်ရေး ဂျမ်မာတွေကို တပ်ဆင်ထားပေမဲ့လို့ AA ဘက်ကလည်း ဒေသန္တရ နယ်မြေကျွမ်ကျင်မှုအရ ထိုးစစ်ကို မြေအောက်ကနေ လှိုင်ဂူတူးပြီး နခခ (၅) ကို တလက်မချင်းတိုးပြီး တိုက်ခိုက်ခဲ့တာဟာ စစ်ဗျူဟာကို လိုအပ်သလိုပြောင်းလဲ စစ်ထိုးလိုက်ခြင်းဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က အခိုင်အမာပြုလုပ်ထားတဲ့ ခံစစ်စခန်းတွေကို AA ဘက်က အလွယ်တကူသိမ်းပိုက်ရရှိခဲ့တာ မဟုတ်ပေမဲ့လို့ ဒရုန်းနည်းပညာနဲ့ သာလွန်အင်အားပေါင်းစပ် တိုက်ခိုက်နိုင်တာကြောင့် ရခိုင်စစ်မျက်နှာမှာ AA က အောင်ပွဲခံနေရခြင်းဖြစ်ပါတယ်။ 

ရခိုင်မှာရှိတဲ့ ကျောက်တော် စကခ (၉)၊ ဘူးသီးတောင် စကခ (၁၅)၊ တောင်ကုတ် စခက (၅) ၊  အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ)၊ တို့ကို  AA ကသိမ်းပိုက်ထားပြီး ၊ စစ်တွေ ဒကစ နဲ့ ကျောက်ဖြူ ဓညဝတီ ရေတပ်စခန်းကို သိမ်းပိုက်နိုင်ရင် ရခိုင်တပြည်လုံး လွတ်မြောက်မှာ ဖြစ်ပါတယ်။

စောမြတ်သွီး- ရေးသည်။

 #ဒရုန်း  #AA #စစ်ကောင်စီ

Friday, September 27, 2024

ချောအိမန် သို့မဟုတ် ဂျပန်ခုခံစစ် ဆန့်ကျင်ရေးတိုက်ပွဲ အမျိုးသမီးသူရဲကောင်း

 



 “ချောအိမန်” အမည်ရင်း’လီခွန်းထိုက် ၁၉ဝ၅ ခုနှစ်’ဖွား

စစ်ချွမ်းပြည်နယ်၊ ယီပင်းခရိုင်၊ မြေရှင်အိမ်ထောင်စုတစ်ခုမှ ဆင်းသက်လာသူ

အိမန်ရဲ့ ခဲအိုဖြစ်သူ စိမ်ယိုကျိ (ကွန်မြူနစ်ပါတီဝင်၊ အာဇာနည်)ဟာ ယီပင်းခရိုင် လျိုကျားကျေးရွာအုပ်စု၊ အဆင့်မြင့် မူလတန်းကျောင်းကကျောင်း အုပ်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အီမန်တစ်ယောက် လူလားမြောက်ကြီးပြင်း လာဖို့၊ အထူးဂရုစိုက် စောင့်ရှောက်ခဲ့ပါတယ်။ ပညာရေးမှာ သွန်သင်ပြသ ရုံမကသစ်လွင်တဲ့ အတွေးအခေါ်တွေပါရှိ တဲ့စာစောင် စာတမ်းအမျာအပြားကိုလည်း လေ့လာခိုင်းပါတယ်။ စာစောင်စာတမ်းတွေ လက်ဝယ်ရရှိတယ်ဆိုရင်ပဲ သူမဟာ စိတ်အင်အားစုစည်းပြင်းပြစွာနဲ့၊ ရေငတ်သူရေတွင်းထဲကျသလို၊ အငန်းမရဖတ်တော့တယ်၊ အဲ့ဒီတိုးတက်တဲ့ စာပေတွေထဲက သူမအတွက် အတွေးအခေါ်သစ်တွေကိုရရှိခဲ့ရုံမက အခြားကိစ္စသစ် အတော်များများကိုလည်း နားလည်သဘောပေါက်လာခဲ့ပါတယ်။ ဒီဖြတ်သန်းမှုတွေဟာ သူမရဲ့တော်လှန်ရေးခရီးလမ်း ဆက်လျှောက်လှမ်း ဖို့အတွက် အခြေခံအုတ်မြစ်တွေ ဖြစ်လာခဲ့ပါတော့တယ်။

ဒါပေမဲ့ ခုလိုတိုးတက်တဲ့စာပေတွေ ဖတ်နေတဲ့သတင်းကို သူမအစ်ကိုဟာ မကြာခင်မှာပဲ သိရှိသွားတော့တယ်။ သူကဒါဟာ ရိုးရာအစဉ်အလာကိုး ကွယ်မှုကို ဆန့်ကျင်တာဖြစ်တယ်လို့ယူဆပြီး၊ အိမန်ရဲ့တိုးတက်တဲ့ စာစောင်စာတမ်း တွေအားလုံးကို မီးရှို့ပစ်လိုက်တယ်။ အဲ့ဒီလို အတွေးအခေါ်သစ်လွင်တဲ့စာ စောင်စာတမ်းတွေကို မီးရှို့ပစ်လိုက် နိုင်ပေမယ်လို့ သူမရဲ့အမှန်တရားကိုမြတ်နိုးတဲ့ ကြံ့ခိုင်တဲ့မျှော်မှန်းချက်ကိုတော့ မဖျက်ဆီးနိုင်ပါဘူး၊ သူမ ခမျာ အဲ့ဒီလိုစာပေမျိုးတွေကို ဆက်လက်လေ့လာသွားနိုင်ဖို့ ပိုမိုလျှို့ဝှက်သိတ်သည်းတဲ့ နည်းနာတွေကိုသုံးရပါတယ်။ စာစောင်စာတမ်းတွေကို ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့အိမ်တွေမှာ နေရာပြောင်းပြီးဖြန့်ပို့ထားတယ်ပြီးတော့ စာဖတ် တော့မယ် ဆိုတာနဲ့ အဝေးတစ်နေရာကို ယူသွားပြီး ဆိတ်ငြိမ်တဲ့နေရာရှာပြီး ၊အာရုံစိုက် ဖတ်တော့တာပဲ။

သမီးငယ်ကို တုန်နေအောင် ချစ်ရှာတဲ့ မိခင်အနေနဲ့ အိမန်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဘို့၊ သူမကိုအစဉ်အလာ အိန္ဒြေရှင် မိန်းခလေးတို့ တတ်သင့်တဲ့ လုပ်သင့်တဲ့ဟာတွေ လုပ်ခိုင်းတဲ့နည်းကို သုံးကြည့်ပါတယ်။ ဒီလိုနဲ့ အိမန်ကို ဇာထိုး ပန်းထိုးအလုပ် လုပ်ခိုင်းပါတယ်။ အိမန်က အလွယ်တကူ ပဲ သဘောတူ ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမဲ့ (၉)လလောက် သာကြာသွားတယ် အိမန် တစ်ယောက် ပန်းတစ်ပွင့်တလေတောင်မထိုးဖြစ်ပါဘူး၊ တကယ်တော့ သူမဟာ ဇာထိုး ပန်းထိုးအလုပ်ကိုအကြောင်းပြ အကာအကွယ်ယူပြီး စာဖတ်တဲ့အခွင့်အရေးကိုယူခဲ့တာကိုး။

၁၉၂၃-ခုနှစ် ဆောင်းရာသီကာလမှာတော့ တရုတ်ပြည်ဆိုရှယ်လစ်လူငယ်အဖွဲ့ကိုဝင်ရောက်ခဲ့ပါတယ်။

၁၉၂၄−ခုနှစ် ဂျူလိုင်လမှာ အီမန်ရဲ့ဒုတိယအစ်မဖြစ်သူ “လီခွန်ကျယ်”လည်း ဆိုရှယ်လစ်လူငယ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ပိုင်ယန်စေ့ မှာအဖွဲ့ရဲ့ ကလပ်စည်းတစ်ခုထောင်ပြီး အိမန်ကကလပ်စည်းရဲ့ အတွင်းရေးမှုး တာဝန်ယူ ပါတယ်။ အဖွဲ့အစည်းရဲ့ညွှန်ကြားချက်အရ သူမဟာ အဲ့ဒီဒေသမှာ အမျိုးသမီးမ ဟာမိတ်အဖွဲ့ ကိုဖွဲ့စည်းပါတယ်။ သူမကခုလိုရှင်းပြပါတယ်။ “ဒီအဖွဲ့ဟာ သာမန်လူမှုအဖွဲ့တစ်ခုပါ၊ အသက်အရွယ်ကြီးငယ်မရွေးပါဝင်နိုင်ပါတယ်။ အဖွဲ့ကိုဝင်ပြီး တဲ့အခါမှာတော့၊ တဖြည်းဖြည်းနဲ့ လေ့လာရေး ပညာပေးရေးကိုဖြတ်သန်းပြီး နောက်တိုးတက်မှု တစုံတရာ ရရှိလာတဲ့အခါအဖွဲ့ အစည်း(ဆိုရှယ်လစ်လူငယ်အဖွဲ့)ကို ဝင်ရောက်ဖို့ သဘောပေါက်နားလည်လာကြမှာ ဖြစ်ပါတယ်။”

တကယ်တော့ ပဒေသရာဇ်စနစ်က ကြီးစိုးမင်းမူပြီး အပေါ်စီးသာလွန်တဲ့အနေအထားကိုရရှိထားတဲ့ ကျေးလက် ဒေသတောရွာမှာအဖွဲ့အစည်းထူ ထောင်ဖွဲ့စည်းဖို့အတွက်၊ အမျိုးသမီးထုကိုစည်းရုံးစုစည်းဖို့ ဆိုတာသိပ်လွယ် တဲ့ကိစ္စတော့မဟုတ်ပါ။ အိမန် နဲ့သူ့လုပ်ဖေါ်ကိုင်ဘက်တွေဟာ ဝါဒဖြန့်ချီရေးတွေ အနှံ့အပြားလုပ်ကြ၊ ကျယ်ကျယ် ပြန့်ပြန့်ဆက်သွယ်မှုတွေလုပ်ကြနဲ့၊ ၁၉၂၅ ခုနှစ်မှာတော့ စိန်းကြားဝန်း ရှိ စစ်ပန်းဘုရားကျောင်း မှာညှိနှိုင်းတိုင်ပင်ဆွေး နွေးပွဲကိုခေါ်ယူကျင်းပကြပါတယ်။ အစည်းအဝေးမှာကျေညာစာတမ်းနဲ့ စည်းမျဉ်းဥပဒေအချုပ်ကို ထုတ်ပြန်ကျေညာ ပြီး အစည်းအဝေးသဘာပတိနဲ့ ဒုသဘာပတိ တို့ကိုရွေးချယ်ကြပါတယ်။ အိမန်ကအမည်ခံတာဝန်ကတောရေးဖို့ မှတ်ဖို့ စာပေးစာယူလုပ်ဖို့ပါ ဒါပေမဲ့တကယ့်လက်တွေ့ ကျတော့ဘက်စုံလုပ်ငန်းတွေမှာသူပါနေရတာ  အစည်းအဝေးပြီးတဲ့ နောက်မှာတော့ သူမဟာအမျိုးသမီးထုကို ဦးဆောင်ပြီး ဝါဒဖြန့်ချီရေးလုပ်ငန်းကို အရှိန်မြှင့်လုပ်ပါတယ်။

ပိုင်ဟွားချန် ၊‘ယွီဝမ် ဗိမာန်မှာခေါ်ယူကျင်းပတဲ့ အစည်းအဝေးမှာမမျှော်လင့်ပဲ အဖွဲ့ဝင်(၃၀)ကျော်အထိတိုးခဲ့တယ်။ အိမန်ကအစည်းအဝေးမှာ ခုလိုအတိအလင်းတပ်လှန့်နှိုးဆော်လိုက်ပါတယ်...“ညီမငယ်..အစ်မတော် အပေါင်းတို့ နိုးထကြလော့ နာခံမှုသုံးရပ်နဲ့ ကျင့်ဝတ်သိက္ခာလေးခု ဆိုတာကို ဆန့်ကျင်ကြလော့ သားမယားအများအပြား ယူတဲ့စနစ်ကိုဆန့်ကျင်ကြလော့’‘ချွေးမမွေးစားတဲ့စနစ်ကိုဆန့်ကျင်ကြလော့’။အစည်းအဝေးပြီးတော့ တက် ရောက်လာသူတွေက အိမန်ကိုဝိုင်းပြီး... “အစ်မ လီယောင်း” ရေ အစ်မပြောတဲ့စကားလုံးတွေကတော့ ကျမတို့ရင်ကို တည့်တည့်လာမှန်တော့တာပဲ” တဲ့။

အမျိုးသမီးများလွတ်မြောက်ရေးမဟာမိတ်အဖွဲ့ဟာ ကျယ်ပြန့်တဲ့အမျိုးသမီးထုကြီးရဲ့ စာနာထောက်ခံမှု ကိုအထူးရရှိခဲ့ ပါတယ်။ အဖွဲ့ဝင်(၁၈ဝ)ကျော်အထိ တိုးတက်လာခဲ့တယ်။ ဒီအဖွဲ့ရဲ့လှုပ်ရှားမှုတွေကပဒေသရာဇ်စနစ်ရဲ့ စီမံကိန်းတွေ ကို အထိနာအောင်ထိုးနှက်လိုက်နိုင်တယ်။ ဒါကြောင့်မို့လည်းမြေရှင်လူတန်းစားဟာ ဒီအဖွဲ့ကိုပုခက်အတွင်းမှာပဲ လည်ပင်း ညှစ်သတ်ဖို့ သဲကြီးမဲကြီးဖြစ်နေတာပေါ့။ သူတို့ဟာအမျိုးသမီးမဟာမိတ်အဖွဲ့ရဲ့လှုပ်ရှားမှု တွေကိုနေရာ တကာမှာလိုက်ဖျက်ဆီးတယ်။ အမျိုးသမီးမဟာမိတ်အဖွဲ့နဲ့ပတ်သက်ပြီး မဟုတ်မမှန်တဲ့ကောလဟာလ သတင်းမျိုး တွေကို အကြံယုတ်နဲ့ လီဆယ်သတင်းလွှင့်တာတွေ နေရာတကာမှာလုပ်ပါတယ်။ ဒါတွေအားလုံးနဲ့ပတ်သက်လို့ အမျိုးသမီး လွတ်မြောက်ရေးမဟာမိတ်အဖွဲ့ဟာနဲနဲမှ တုန်လှုပ်မှုမရှိပဲ အရှိန်အဟုန်နဲ့ဆက်ပြီး ထိုးစစ်ဆင်ခဲတယ်။

အဖွဲ့ဝင်တွေဟာ လမ်းပေါ်ထွက်ပြီး အရပ်လေးမျက်နှာမှာကျေညာချက်တွေ ၊စာတမ်းတွေ၊ ပိုစတာတွေ၊ ရုပ်ပြောင်တွေ၊ ကပ်ကြတယ်။ အဲ့ဒီရုပ်ပြောင် ကာတွန်းတွေဟာ မြေရှင်လူတန်းစား အကျင့်ယုတ် လူကုံတံတွေအဖို့ အနာပေါ်တုတ်ကျ သလို ဖြစ်ခဲ့ပြန်တယ်။ သူတို့ဟာ ပြာယာခတ်သွားပြီး ဒရောသောပါး နဲ့ နေရာတကာမှာ လူတွေဖမ်းဘို့ အမိန့်ပေးတယ်။ အိပ်မက်ကလန့်နိုးလာတဲ့လူလို ကယောင်ကတန်း တွေးကြပြောကြနဲ့ “ဆင်းရဲဒုက္ခ ရောက်ကြတယ် လို့၊ရုပ်ပြောင်တွေ ဆွဲကြတယ် အထောက်အထားမရှိပါဘူး တကယ်ကလူအ ကျားကိုက်ခံရပြီး ဇာတ်သိမ်းသွားရတာမျိုးတွေပါ” တဲ့ ။

အမျိုးသမီးတွေ ဘဝလွတ်မြောက်ရေးတောင်းဆိုချက်တွေ ဖိနှိပ်ချိုးနှိမ်ခံနေရတာနဲ့ပတ်သက်လို့ ဇွဲကောင်းကောင်းနဲ့ တိုက်ပွဲဝင်နေစဉ်အတွင်းမှာပဲ၊ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ ချောအိမန်ဟာ တချိန်တည်းမှာသူမကိုယ်တိုင်လည်း ပဒေသရာဇ်အိမ်ထောင်စုရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို တွေ့ကြုံဖြတ် သန်းနေရရှာပါတယ်။ သူမရဲ့အစ်ကိုနဲ့ မရီးတို့ဟာ အိမန် တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတာကို သိသွားတဲ့နောက်မှာတော့ ဘေးအန္တရယ်ဇစ်မြစ်က ကငိးဝေးအောင်ဆိုပြီး ၊သူမကို အိမ်ထောင်ချပေးဘို့ ဆုံးဖြတ်လိုက်သတဲ့။ ဒါကို အိမန် သိတော့ သူ့ အစ်ကိုနဲ့ မရီးကို “ မင်္ဂလာဆောင်လက်ဖွဲ့၊ ခန်းဝင်ပစ္စည်း” စတာတွေအတွက် ကုန်ကျမဲ့ငွေကို သူ့ကိုပေးဖို့၊ ဒီငွေနဲ့သူကျောင်းတက်မယ် လို့ ဒဲ့ဒိုးပဲပြောလိုက်တယ်။ သူ့အစ်ကိုကသဘောမတူဘူး၊ ဆွေမျိုးစုအကြီးအကဲက လည်းဆန့်ကျင်တယ်။ မိန်းခလေး တွေ အပြင်ထွက်ပြီး ပညာသင်တာဟာ၊ မိသားစုဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပဲ။ ချောအိမန်အဖို့ဒီတချည် ထိုးနှက်ခံလိုက်ရတဲ့နောက် အတော်ကိုစိတ်မချမ်းမသာ ဖြစ်သွားရတယ်။

ခဲအိုဖြစ်သူ “ စိန်ပေါစီး” ကသူမကို ဒီအိမ်ထောင်စုကနေ လွတ်ရာကျွတ်ရာ ထွက်သွားဖို့ ကူညီပါတယ်။ ပြီးတော့ သတင်းစာမှာထည့်သွင်းဖို့ ကျေ ညာစာတမ်း တစ်ခုရေးခိုင်းတယ်။ ၁၉၁၄−ခုနှစ် သြဂုတ်လ ၁၆ ရကိနေ့မှာထုတ်ဝေတဲ့ အမျိုးသမီးအပတ်စဉ်သတင်းစာ အမှတ်စဉ်၄၉ မှာ အိမန်ရေးတဲ့“ပညာ သင်ကြားဖို့ အခွင့်အရေးတောင်းဆိုချက်ကို အစ်ကိုနဲ့မရီးတို့က ဖျက်ဆီးခံလိုက်ရတဲ့ ကျမဖြစ်ရပ်”ဆိုတဲ့ ဆောင်းပါးတစ်စောင် ပါလာတယ်။ ဒီဆောင်းပါးမှာ အိမန် ကသူမရဲ့ ကလောင်နံမည်ကို“အိချော”လို့ဖေါ်ပြပါတယ်။ အိမန် ကဆောင်းပါးထဲမှာ “ကျမဟာ ငယ်ရွယ်စဉ်မှ လူလားမြောက်ကြီးပြင်းလာတဲ့အထိ အမှောင်ထုလွှမ်းနေတဲ့ ဒီအိမ်ထောင်စုထဲမှာ ဆယ်နှစ်ဆယ်မိုးနေခဲ့ရတာ၊ လင်းရောင်ခြည်ဆိုလို့ နည်းနည်းမှမတွေ့မြင်ခဲ့ရဘူး၊ ပဒေသရာဇ်စနစ် လှောင်အိမ်ကို မုချထိုးဖေါက်ဖျက်ဆီးပစ်မယ်၊ ငရဲမင်းကြီးနဲ့တူတဲ့ အိမ်ထောင်ဦးစီးသူ အစ်ကိုနဲ့အဆက်ဖြတ်ပစ်လိုက်ဖို့ဆုံးဖြတ်မယ်” လို့ရေးသားဖေါ်ပြပါတယ်။ ဒါ့အပြင် အားလုံးကိုညီညွတ်စည်းလုံးကြဖို့နဲ့ ပဒေသရာဇ်အင်အားစုကို တညီတညွတ်တည်းရှုံ့ချကြဖို့ ကိုလည်းဆော်သြ ထားပါတယ်။ တကယ်တော့ ဒါဟာ ပဒေသရာဇ် အင်အားစုကိုဝေဖန်ရှုံ့ချတထားတဲ့ သရော်စာတပုဒ်လည်းဖြစ်ပါတယ်။

ဆောင်းပါးထွက်လာပြီး နောက်မှာ ရှေ့စဉ်နောက်ဆက်ဆိုသလို အနယ်နယ် အရပ်ရပ်က လူငယ်တွေရဲ့ ပေးစာတွေကို အိမန်လက်ခံရရှိခဲ့တယ်။ တချို့က သူ့ကိုအိမ်ကခွဲခွာပြီး ရှန်ဟဲ မှာသွားရောက်ပညာသင်စေချင်တယ်။ တချို့က သူ့ကို စီးပွားရေးအရ ထောက်ပံ့ကူညီပေးဘို့သဘောတားဖေါ်ပြတယ်။ စစ်ချွန်ဒေသ ကွန်မြူနစ်ပါတီအဖွဲ့အစည်းနဲ့ ပါတီဝင် တွေက သူ့ကိုအကူအညီပေးကြတယ်၊ သူမကိုတဖက်မှာ မိမိကိုယ်ကိုလေ့လာမွေးမြူတည်ဆောက်ဖို့ အခြားတဖက်မှာ လူ့အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းကိုလည်းလုပ်ဖို့။ညွှန်ပြတယ်။ ဒီပေးစာတွေထဲက အိမန်အဖို့ကြီးမားတဲ့ အထောက်အကူတွေ့ရပြီး တိုက်ပွဲအတွက် ယုံကြည်မှုနဲ့ အားအင်တွေခိုင်မာဖွံ့ဖြိုးစေခဲ့ပါတယ်။

၁၉၂၆ ခုနှစ် နှစ်ဆန်းမှာတော့ အိမန်ဟာပဒေသရာဇ်အိမ်ထောင်စုရဲ့အချုပ်အနှောင် ကြိုးကိုချိုးဖျက်ဖေါက်ထွက်လိုက် တယ်။ ယီပင်းခရိုင်မြို့ကို ရောက်ရှိလာပြီး၊ ယီပင်းအမျိုးသမီးအလယ်တန်းကျောင်းမှာပညာသင်တော့တယ်။

ကျောင်းရောက်လို့ မကြာမီမှာဘဲ ကျောင်းမှာကွန်မြူနစ်လူငယ်တွေကို ကလပ်စည်းကိုဖွဲ့ပါတယ်။ အိမန် ကလပ်စည်း ကော်မတီဝင်အဖြစ် အရွေးခံရပါတယ်။ ဒီအချိန်မှာ ခရိုင်ကော်မတီက “ကျောင်းသူတွေလူ့အဖွဲ့အစည်းလှုပ်ရှားမှုမှာ ပါဝင်ကြရန်လှုံ့ဆော်စည်းရုံးဖို့”သူတို့ကိုညွှန်ကြားပါတယ်။ ဒီမှာပဲ လူငယ်အဖွဲ့ဝင်တွေဟာ တေးသီချင်းတွေရှေ့ဆောင် သီဆိုကြ၊ သရုပ်ဖေါ်ပြဇာတ်တွေတင်ဆက်ကြ၊ မျက်မှောက်အခြေအနေနဲ့ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ တွေလုပ်ကြနဲ့ လတ်လတ်ဆတ်ဆတ်လေပြည်ညှင်းတသုတ် ကျောင်းပရဝုဏ်ဥယျာဉ်ထဲမှာ တဖျတ်ဖျတ်နဲ့ တိုးဝှေ့တိုက်ခတ်နေပြန် ပေါ့။

တခါတော့ အိမန်ကအဆောင်ထဲမှာ သူငယ်ချင်းတွေကို ခုလိုမေးတယ်။“သူငယ်ချင်းတို့ အိမ်ထောင်ဘက်ရှာရင် မိဘစီမံတဲ့အတိုင်းဘဲနာခံမလား၊ ဒါမှမဟုတ် ကိုယ်ဖာသာရွေးကြမလား။”တဲ့ ။ သူမ ဒီလိုမေးလိုက်တာနဲ့ သူငယ်ချင်း တွေမျက်နှာနီသွားပြီး ခေါင်းငုံ့သွားကြတယ်။ ဘာတခွန်းမှပြန်မပြောကြဘူး။ နှုပ်ဆိတ်လို့အတော်ကြာမှ သူငယ်ချင်း တိန်ခဲပေး ကရှက်ရွှံ့ရွှံ့မယုံမရဲနဲ့“အခုကပညာသင်နေကြတဲ့ အချိန်ဆိုတော့ ကျမတို့ဒီလိုပြဿနာမျိုး မစဉ်းစားမိကြ သေးဘူး”လို့ဖြေတယ်။ အိမန် ကတော့ပွင့်ပွင့်နဲ့ဒဲ့ဒိုးပဲ “ဒါ ဘာမှရှက်ရွံ့စိုးရိမ်စရာ လိုတဲ့ကိစ္စမဟုတ်ပါဘူး”တဲ့သူမ ကတဖက်ကလည်းပြောစရာရှိတာပြောရင်း၊ တဖက်ကလည်း အိပ်ထဲပါလာတဲ့ အမျိုးသမီးရေးရာ အပတ်စဉ်သတင်း စာ တွေကိုထုတ်ဝေပေးနေပြန်တယ်။ သူငယ်ချင်းတွေ အမျိုးသမီးဘဝလွတ်မြောက်ရေး တောင်းဆိုတဲ့ တိုက်ပွဲရဲ့ အတွင်း သဘောကို နားလည်သဘောပေါက်လာဖို့ မျှော်လင့်ချက်နဲ့ပါ

၁၉၂၆ ခုနှစ်၊ မတ်လမှာ ယီပင်းအလယ်တန်းကျောင်းရှိ ကျောင်းသားအစည်းအရုံးက အိမန်ကို ကျောင်းသား အစည်းအရုံးရဲ့ အမြဲတန်းကော်မတီဝင်နှင့် အထွေထွေစီမံခန့်ခွဲမှုဌာနကိုပါ ပူးတွဲတာဝန်ယူဖို့ ရွေးချယ်ပါတယ်။ မကြာမီ မှာပဲ ယီပင်းခရိုင် ကျောင်းပေါင်းစုံ ကျောင်းသားသမဂ္ဂကို တက်ရောက်ဖို့ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ပါ တယ်။ ကျောင်းသားသမဂ္ဂရဲ့ အမြဲတန်းကော်မတီအဖြစ် အရွေးခံရပြီး ယီပင်းဒေသ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်း ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

၁၉၂၆–ခုနှစ်၊ တုန်ဂူးပွဲတော် (ငါးငါးရက်ပွဲတော်)အကြိုနေ့မှာ အင်္ဂလိပ်နယ်ချဲ့သမားကိုယ်စားလှယ် ကုန်သည်တွေရဲ့ ရောင်းချဖို့ ရေနံတင်လာတဲ့သင်္ဘောဟာ ချန်ကျန်းမြစ်ကိုခုတ်မောင်းတက်လာတယ်။ အဲ့ဒီ ယုတ်မာတဲ့ ကုန်သည်တွေ ဟာ ယီပင်းမြို့မှာ ရေနံရောင်းချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တက်လာတာပါ။ ပါတီရဲ့ဦးဆောင်မှုနဲ့ ပြည်ချစ်ဝါဒ လှုပ်ရှားမှုကော်မတီ အစည်းအဝေးက “ ကျောင်းသားသမဂ္ဂထုကို လှုံ့ဆော်စည်းရုံးပြီး နယ်ချဲ့ဝါဒဆန့်ကျင်ရေး ပြည် ချစ်ဝါဒလှုပ်ရှားမှုကိုလုပ်ဖို့”ဆုံးဖြတ်ချက်ချလိုက်တယ်။ အလယ်တန်းကျောင်းအသီးသီးက ကွန်မြူနစ်လူငယ် အဖွဲ့တွေဟာ ချက်ချင်းဘဲလှုပ်ရှားလာကြတယ်။ ယီပင်းမြို့ အမျိုးသမီး အလယ်တန်းကျောင်းက ကွန်မြူနစ်လူငယ် အဖွဲ့ဝင်တွေကလည်း ကျောင်းပရဝုဏ်ထဲမှာ ဝါဒဖြန့်ချီရေးလုပ်ငန်းတွေကို စတင်လုပ်ကြတယ်။ “ရေနံရောင်းချမှုကို သပိတ်မှောက်ကြ” ဆိုတာကို အကြိမ်ကြိမ်ကြွေးကြော်ကြတယ်။ ဒါဟာ နယ်ချဲ့သမားရဲ့ကျူးကျော်ထိပါးမှုကို သပိတ် မှောက်တာဖြစ်ပြီး ဒီကတဆင့် ပြည်ချစ်စိတ်ဓာတ်ဖြစ်ပေါ်လာပြီး ကျောင်းသူကျောင်းသားအားလုံးရဲ့ ပြည်ချစ်ဝါဒ စိတ်အားထက်သန်မှုကို နိုးထစေမှာဖြစ်ပါတယ်။ ရေနံတင်သင်္ဘော ရောက်ရှိလာချိန်မှာတော့ ယီပင်းမြို့ပေါ်ရှိ ကျောင်းသူကျောင်းသားနှစ်ထောင်ကျော်ခန့်ဟာ၊ ဝမ်ရဲမြောက်ဆိပ်ကမ်းမှာရပ်ပြီး ဒေါသတကြီးနဲ့ ဟစ်အော်ကြွေး ကြော်ကြတော့တယ်။

“နယ်ချဲ့ဝါဒရဲ့ကျုးကျော်ထိပါးမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြ၊ ရေနံကို ကမ်းပေါ်မတင်နဲ့ ”

ဒါပေမဲ့ အကျင့်ယုတ်တဲ့ ကုန်သည်တွေရဲ့ ရေနံတင်သင်္ဘောဟာ ခေါင်းမာမာနဲ့ ဆိပ်ကမ်းဘက်ကိုဆက်ပြီး ဦးတည်ခုတ်မောင်းလာတယ်။ ဒါကြောင့် ကျောင်းသားတွေလည်း ဒေါသအိုးပေါက်ကွဲ လာကြတယ်။ အိမန် ကတော့ ကျောင်းသားထုကိုခေါင်းဆောင်မှုပေးရင်း တဘက်ကလည်း ကြွေးကြော်သံတွေတို ဟစ်အော်ရင်း တဘက်ကလည်း ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်တုံးကျောက်ခဲတွေကို ကောက်ယူပြီး သင်္ဘောဆီကို မိုးရွာသလို ပစ်ပေါက်ကြတယ်။ ဒီတော့ မှ သင်္ဘောလည်း ကျောက်ချရပ်နားသွားတော့တယ်။

ရေနံတင်သင်္ဘောဟာ မြစ်လယ်မှာ သုံးရက်သုံးညရပ်နားနေပါတယ်။ ကျောင်းသားထုလည်းသုံးရက်သုံးည ကျောင်းမတက်ဘဲ မြစ်နံဘေးမှာ စောင့်နေကြတယ်။ ကောက်ကျစ်စဉ်းလဲတဲ့ ပရိယာယ်များတဲ့ ကုန်သည်တွေဟာ ကူးတို့လှေငယ်သုံးပြီး ရေနံစည်တွေကို ကမ်းပေါ်ခိုးကြောင်ခိုဝှက်တင်တို့ အချည်းနှီးကြံစည်ကြပြန်တယ်။ ကျောင်းသား တွေဟာ ဒါကိုမြင်တယ်ဆိုရင်ဘဲ ချက်ချင်းဆိုသလို လှေငယ်ပေါ်ကရေနံစည်တွေကို မြစ်ထဲကို ပစ်ချလိုက်ကြတယ်။ . ဝိသမ ကုန်သည်တွေဟာ တဘက်ကလူလွှတ်ပြီး ကျောင်းသားတွေကိုတွေ့ပြီး စကားကောင်း ပြောခိုင်းတယ်။ တဘက်ကလည်း ကျောင်းသားတွေကို နှိပ်ကွတ်ပေးဖို့အတွက်၊ မြို့တော်တပ်မှူးကို တံစိုးလက်ဆောင် တွေ သွားပေးပါတယ်။ မြို့တော်တပ်မှူးဟာ တဖက်ကကျောင်းသားတွေကိုတွေ့ပြီး စေ့စပ်ပြောဆိုတာတွေလုပ်ရင်း အခြားတဖက် မှာတော့ ဆိပ်ကမ်းကိုတပ်လွှတ်ပြီး ကျောင်းသားတွေကို အင်အားသုံးနှိမ်နှင်းပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ တပ်ရင်းတရင်းအင်အားက ကျောင်းသားတွေရဲ့နောက်ကြောဘက်က ဗြုန်းကနဲ ထိုးဝင်လာတယ်။ သွေရူး သွေးတန်း ထိုးတက်လာတဲ့စစ်တပ်ကို ရင်ဆိုင်ရင်းနဲ့ ချောအိမန် ရှေ့တန်းကို ခေါင်းဆောင် ပြီးတက်သွားတော့၊ စစ်တပ်က သေနတ်ကို မိုးပေါ်ထောင်ဖေါက်တယ်။ ကျောင်းသားတွေ ရဲ့မျက်နှာတွေပေါ်မှာတော့ လှံစွပ်ဖျားတွေ ဝဲနေတယ်။ အိမန်ကတော့ နည်းနည်းမှတွန့်ဆုတ်မှုမရှိပဲ၊ ကြွေးကြော်သံတွေ ဟစ်အော်ရင်း လှုံ့ဆော်ရင်း တဆင့်ပြီးတဆင့်သာတက်သွားတယ်။ “အခုဆိုရင် နယ်ချဲ့သမားနဲ့ မြို့တော်တပ်မှူးတို့ဟာ တကျိတ်တည်း တဉာဏ်တည်း ချိတ်ဆက်နေကြတယ်။ သေနတ်လှံစွပ်တွေသုံးပြီး ငါတို့ကိုခြောက်လှန့်ဖို့ စိတ်ကူးယဉ်နေကြတယ်။ ငါတို့...ကြောက်ရွံ့ နောက်တွန့် သွားကြမလား ၊မဖြစ်နိုင်ဘူး ၊ငါတို့ဆုံး ခန်းတိုင်ရောက်အောင် တိုက်ပွဲဝင်ကြမယ်။”

တပ်ရင်းမှူးဆိုသူဟာ ရိုင်းပြယုတ်ကန်းတဲ့အမူအရာနဲ့ သူ့ရဲ့ပစ္စတိုကို အိမန်ရဲ့မျက်နှာရှေ့မှာ ဝှေ့ရမ်းကစားရင်း “နင်မဟုတ်တန်းတရားတွေ လျှောက်မပြောနဲ့၊ နင်မဟုတ်တန်းတရားတွေလျှောက်မပြောနဲ့” လို့ ပါးစပ်ကလည်း ဆက်တိုက်အော်ဟစ်တယ်။ အိမန်ကတော့ မားမားမတ်မတ်၊ အားမန်ပါပါနဲ့ ခုလိုပြန်ပြောလိုက်တယ်။“ ကျမတရား နည်းလမ်းကျတဲ့ စကားကိုပြောကိုပြောရမှာပဲ..ရှင်ကဘာကြောင့် ကျမတို့ရဲ့တိုင်းပြည်ချစ်တဲ့လှုပ်ရှားမှုကို ဝင်စွက် ဖက်ချင်ရတာလဲ” အိမန်က ဒီလိုလဲမေးလိုက်ရော၊ တပ်ရင်းမှူးဆိုသူဟာ ပါးစပ်အဟောင်းသားနဲ့ နှုပ်ဆိတ်သွားပြီး နိုင်ထက်စီးနင်းရမ်းကားတော့မဲ့ဟန်နဲ့၊ သေနတ်ကိုမြှောက်တင်လိုက်တယ်။ ဒါပေမဲ့ ပတ်ပတ်လည်မှာ ကျောင်းသား တွေဝိုင်းလာတော့ သူ့ခမျာ တပ်ကို သေနတ်တွေမိုးပေါ်ထောင်ဖောက်ခိုင်းပြီး ခိုးကြောင်ခိုးဝှက်နဲ့ ထွက်သွား ပါလေရော။

ယီပင်းဒေသမှာ နယ်ချဲ့ဆန့်ကျင်ရေး ပြည်ချစ်ဝါဒ လှုပ်ရှားမှုကြီးဟာ ကန်ရေပြင်မှာ လှိုင်းထမ်းပိုးထသလို ခြိမ့်ခြိမ့်သဲသဲ ကျောင်းသူကျောင်းသားတွေရဲ့ ဝါဒဖြန့်ချီရေးအဖွဲ့တွေကတော့ တမိုးလုံးဖျောက်ဆိတ်။ အိမန် ခေါင်းဆောင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ နေရာတကာမှာ တဆင့်ပြီးတဆင့် တိုးတက်လှုပ်ရှား ဆောင်ရွက်နေ ကြတယ်။ နံရံကပိုစတာတွေကပ်ကြတယ်။ သူတို့ဟာဝိသမကုန်သည်တွေရဲ့ကုမ္ပဏီ တံခါးမကြီးမှာတောင် ပိုစတာတွေသွားကပ်ကြတယ်။ တချိန်ထည်းမှာ ကျောင်းသားတွေရဲ့ ပြည်ချစ်ဝါဒလှုပ်ရှားမှုကော်မတီက “ပြည်နယ်နဲ့ တပြည်လုံးရှိ ကျောင်းသားသမဂ္ဂများအနေနဲ့ ထောက်ခံကြဖို့မေတ္တာရပ်ခံ ပန်ကြားလွှာ”ကိုတပြည်လုံးအနှံ ကြေးနန်းတွေပို့တယ်။ မကြာမီမှာ ယပင်းကျောင်းသားတွေရဲ့တိုက်ပွဲကို ထောက်ခံအားပေးတဲ့ မြို့တော်တပ်မှူးကို ရှုံ့ချတဲ့၊ ကြေးနန်းတွေ တပြည်လုံးကတဖွဲဖွဲပို့လာတယ်။ နောက်ဆုံးမှာ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံး ဝိသမကုန်သည်တွေဟာ ကျောင်းသားတွေကို အရှုံးပေးရတော့တယ်၊ ရေနံအားလုံးကိုလည်း ဈေးလျှော့ပြီးလေလံတင် ရောင်းလိုက်ရတယ်။

ဒီလိုနဲ့ယီပင်းကျောင်းသားတွေရဲ့ ပြည်ချစ်ဝါဒ လှုပ်ရှားမှုဟာ အောင်ပွဲရရှိခဲ့ပါတော့တယ်။

ကျောင်းသားတွေရဲ့ ပြည်ချစ်ဝါဒလှုပ်ရှားမှု ပြီးနောက်မကြာမီမှာဘဲ အိမန်ဟာ ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့ပါတယ်။

ယီပင်းမြို့တော်တပ်မှူးဟာ ဒီအကြိမ်အရှုံးနဲ့ရင်ဆိုင်ရတာကို အခဲမကြေနိုင် ဖြစ်နေတယ်။ သူက“ကျောင်းတွေအချိန် စောပြီးပိတ်ရမယ်၊ ကျောင်းသူတွေဆံပင်ပုံစံပြုပြင်ရမယ်”လို့ပညာရေးဌာနကို အမိန့်ပေးညွှန်ကြားတယ်။ ပညာရေး ဌာနက ဒီအမိန့်ကို အကောင်အထည်ဖေါ်ဖို့လုပ်လာတဲ့အခါမှာ ကွန်မြူနစ်လူငယ်အဖွဲ့ဟာ ချက်ချင်းဆွေးနွေးပွဲထိုင်ပြီး ဒါဟာ ပြည်ချစ်ဝါဒလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ကျောင်းသူတွေကို လက်စားချေတဲ့သဘောလို့ ယူဆကြတယ်။ ဒါကြောင့် အကျိုးအကြောင်းမဆီလျော်တဲ့ ဒီသတ်မှတ်ချက်ကို ဆန့်ကျင်ကြဖို့ ဆုံးဖြတ်ကြတယ်။ အိမန်နဲ့ ကျောင်းသူ တချို့ကတော့ ဆံပင်ပုံစံ ပြောင်းပေးတာမလုပ်ရုံမက ဆံပင်တိုဂုတ်ဝဲကလေးတွေ ဖြတ်ပစ်လိုက်ကြတယ်။ အိမန် က သတင်းစာမှာ ပညာရေးဌါနရဲ့ အမိန့်ကို ခါးခါးသီးသီး ဝေဖန်သရော် တဲ့ ဆောင်းပါးတစ်စောင် ရေးလိုက်ပါတယ် ။

ဒါပေမဲ့ ပညာရေးဌာနရဲ့ ဖိအားအောက်မှာ ကျောင်းအသီးသီးဟာ အချိန်စောပြီး ပိတ်လိုက်ရတယ်။ ကျောင်းဖွင့်ချိန် ကျောင်းဝင်းတံခါးမကိုဝင်လိုက်တာနဲ့ အိမန် ဟာသူတို့ကိုကျောင်းကထုတ်ပစ်တဲ့ ကြော်ငြာစာ ကပ်ထားတာတွေ့ လိုက်ရတယ်။ အိမန် တို့သူငယ်ချင်းတသိုက် ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ကြိုးစားကြည့်ကြသေးရဲ့ ။ ဒါပေမဲ့ ကျောင်း ကတော့ မူလသဘောထားအတိုင်းမပြောင်းဘူးတဲ့။ ဒါကြောင့်သူတို့အဖို့ ကျောင်းကမလွဲမရှောင်သာ ခွဲခွာရုံက လွဲပြီး ဘာမျှမတတ်နိုင်တော့။ ဒီကာလမှာဘဲ မြောက်ပိုင်းချီတက်ရေးတပ်မတော် အောင်ပွဲရလာလို့ ယီပင်းမြို့တော်ရဲ့ အသွင်အပြင်လည်း တမျိုးပြောင်းလာတယ်။ ကူမင်တန်’ကွန်မြူနစ်ပူးတွဲလုပ်ဆောင်နေကြတဲ့ အခြေအနေ ဂယက်အောက်မှာ ယီပင်းခရိုင် ကူမင်တန်ပါတီဌာနချုပ်ကို စစ်ဌာနချုပ်နေရာမှာ နေရာချထားပါတယ်။ သူတို့ဟာ စုန်းရှန်းအလယ်တန်းကျောင်းကို တည်ဆောက်ပြီး ကျောင်းသားလှုပ်ရှားမှုကြောင့်ကျောင်းထုတ်ပယ်ခြင်းခံထားရတဲ့ ကျောင်းသားများ ကိုကျောင်းပြန်တက်ဖို့ ကြိုဆိုဖိတ်ခေါ်ပါတယ်။ အိမန်ကတော့ ချက်ချင်းပဲဆုံးဖြတ်ပြီး ကျောင်းပြန် တက်ပါတယ်။

၁၉၂၆ ခုနှစ်၊ အောက်တိုဘာမှာ ပါတီအဖွဲ့အစည်းက ဂူဟန်မြို့ရှိ စစ်ရေး နိုင်ငံရေးသင်တန်းကျောင်းမှာ တက်ရောက် လေ့လာဖို့ အိမန် ကိုစေလွှတ်ပါတယ်။ ဒီလိုနဲ့ပဲ သူမဟာ တိုက်ပွဲဝင်ခရီးစဉ်အသစ်တစ်ခုအတွက် ခြေချလိုက်ပါ တော့တယ်။

၁၉၂၆’ခုနှစ်၊ ဆောင်းရာသီမှာတော့ ဂူဟန့်စစ်ရေးနိုင်ငံရေးသင်တန်းကျောင်းမှာ အနယ်နယ်အရပ်ရပ်က ရောက်ရှိလာကြတဲ့ ငယ်ရွယ်နုပျိုတဲ့ မိန်းခလေး အယောက်(၂ဝဝ)ကျော်အထိတိုးလာပြီး အမျိုးသမီးတတ်ဖွဲ့တစ်ခုလို ဖြစ်လာပါတော့တယ်။ ချောအိမန် လည်းတပ်ဖွဲ့ဝင်များနဲ့ အတူဖြတ်သန်းလှုပ်ရှားရင်းနဲ့ မာက္ခစ်လီနင်ဝါဒ အခြေခံ သဘောတရားတွေကို လေ့လာခဲ့ရုံမက တင်းကြပ်တဲ့ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ လိုက်ပါနိုင်ခဲ့ပါတယ် ၁၉၂၇ ခုနှစ် မှာတော့ ချန်ကေရှိတ်ဟာ အေပြီလဆယ်နှစ်ရက် (၄/၁၂) သတ်ဖြတ်မှုကြီးကို စတင်လိုက်တဲ့အချိန်မှာတော့ တော်လှန်ရေးရဲ့ အခြေအနေဟာ တမျိုးပြောင်းသွားပါတယ်။ သြဂုတ်လတစ်ရက်(၈/၁)နန်ချန်းပုန်ကန်မှု ဖြစ်ပွား ပြီးနောက်မှာ အိမန်ဟာ ဝူဟန့်စစ်ရေးနိုင်ငံရေးသင်တန်းကျောင်းမှ ခွဲခွာခဲ့တယ်။ စက်တင်ဘာလမှာတော့ ပါတီအဖွဲ့အစည်းက သူမကို ရုရှားမှာ ပညာသင်ဖို့ စေလွတ်ပါတယ်။ ရုရှားနိုင်ငံ လေ့လာရေးကာလအတွင်းမှာ ချောအိမန်ဟာ ဝှန်ဖူစစ်ကျောင်း ကျောင်းသား၊ မြောက်ပိုင်းတက္ကသိုလ်ကျောင်းသား၊ “ချိန်တပန်း” နဲ့ လက်ထပ်ခဲ့ ပါတယ်။

၁၉၂၈ ခုနှစ်၊ ဆောင်းရာသီမှာ ပြည်တွင်းရဲ့လုပ်ငန်း လိုအပ်ချက်အရ ချောအိမန်ကို ပြည်တော်ပြန်ဖို့ အဖွဲ့အစည်း ကဆုံးဖြတ်ပါတယ်။ ဇနီးမောင်နှံ နှစ်ယောက် ခရီးမထွက်မီ ပစ္စည်းပစ္စရတွေ ပြင်ဆင်နေတုန်းမှာ၊ သူမရဲ့ ခင်ပွန်းဖြစ်သူ က အိပ်ဆောင်နာရီကိုထုတ် လက်စွပ်ကိုချွတ်လိုက်ပြီးတော့ “ဒါတွေယူသွားပါ နောင်လိုအပ်တဲ့နေရာမှာသုံးဖို့ပေါ့ ” လို့ ပြောရင်း အိမန်ရဲ့လက်ထဲကိုထည်ပေးပါတယ်။ အိမန်က ချီတုန်ချတုန်နဲ့ တချက်တော့တွေ သွားမိတယ်။ စိတ်မကောင်း စွာနဲ့ပဲ ခင်ပွန်းဖြစ်သူရဲ့ ပစ္စည်းကိုလက်ခံလိုက်ရတဲ့အဖြစ်မျိုး တကယ်က အဲ့ဒီအချိန် သူမမှာကိုယ်ဝန်နဲ့ ဒါပေမဲ့ တော်လှန်ရေးရဲ့ လိုအပ်မှုအတွက် မော်စကိုကနေခွဲခွာပြီး ကိုယ်တိုင်းပြည်ကို ပြန်ခဲ့ရတာပါ။

တိုင်းပြည်ပြန်ရောက်တဲ့အခါမှာ ယီချန်မှာလျှို့ဝှက်လုပ်ငန်းလုပ်ဖို့ သူမကိုစေလွှတ်ပါတယ်။ ဒီအချိန်တရုတ် တော်လှန်ရေး ဒီရေနိမ့်ကာလဖြစ်လို့၊ အိမန်ဟာ အလွန်စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ကို ထိတွေ့ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ တချိန်တည်းမှာ ကိုယ်ဝန်နဲ့မပေါ့မပါးလည်းဖြစ်နေပြန်ဆိုတော့ သူမရဲ့နေထိုင်မှု ဘဝဟာ အလွန့်အလွန် ခက်ခဲပါတယ်။ ဒါပေမဲတော်လှန်ရေးအတွက်ဖြစ်လို့ တချက်ကလေးမှ မညည်းညူမိဘူး။ နေ့စ လစေ့ မီးဖွားခါနီးဆဲဆဲမှာ ဒေသပါတီရဲ့လျှို့ဝှက်ခေါင်းဆောင်များ ရန်သူချေမှုန်းတာခံလိုက်ရလို့ အီမန် အဖို့ ရန်သူရဲ့ရှာဖွေ ဖမ်းဆီးတာ မခံရအောင် တိန်းရှောင်ရတော့တယ်။ လမ်းကြိုလမ်းကြား အတော်များများမှာ တိန်းရှောင်ရင်း နောက်ဆုံး တော့ ကံအားလျော်စွာ စိတ်ရင်းသဘောထားကောင်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေဆုံမိပြီး အခန်းတဝက်ကို ငှားယူပြီး မီးဖွားရတယ်။ ရက်တချို့ကြာပြီးနောက်မှာ၊ မွေးကင်းစသားငယ်ကိုပိုးပြီး ရှန်ဟဲကိုအရောက်သွား ပါတီအဖွဲ့အစည်းကို ဆက်သွယ်ခဲ့တယ်။

၁၉၂၇ ခုနှစ်၊ ဆောင်းရာသီမှာ အိမန်ဟာ ရှန်ဟဲရှိပါတီဗဟိုဌါနမှာ လုပ်ငန်းဝင်လုပ်ပါတယ်။ နောက်တော့ ကျန်းရှီး ပြည်နယ်ကော်မတီရဲ့ဌာနရှိရာကို စေလွှတ်တာဝန်ပေးတာခံရပါတယ်။ တရက်တော့ သူမဟာ ဆက်သွယ်ဖို့ချိန်းထား တဲ့ လူတယောက်ကိုစောင့်နေရင်း ညဉ့်နက်တဲ့အထိ ပေါ်မလာတာနဲ့ ဒါဟာ အပြောင်းအလဲ တခုခုတော့ရှိပြီလို့ ယူဆပြီး ပြင်ဆင်စရာတွေရှိတာ ပြင်ဆင်ရတယ်။ တံခါးခေါက်သံကြားတဲ့ အခါမှာတော့ ပြဿနာတော့မုချ တက်ပြီလို့ တွက်ပြီး စာရွက်စာတမ်းတွေ အလျင်အမြန် မီးရှို့ပစ်တယ်။ ပြီးတော့ ကလေးကို ကပျာကရာပိုး အဝတ်နွမ်းနွမ်းတထည်ခြုံပြီး အိမ်ရှင်ရဲ့ မီးဖိုခန်းပြူတင်းပေါက်က ကျော်ထွက်ခဲ့ပြီး ရန်သူ့မြင်ကွင်းက ပျောက်အောင် ပုန်းလျှိုးပြီးပြေးခဲ့ရတယ်။ မြစ်နံဘေး ရောက်တော့ ကျန်းရှီးရှန်းဒေသက ကုန်တွေအပြည့်တင်ထားတဲ့ သင်္ဘောတစင်းပေါ်ကို တက်လိုက် ကြတယ်။ သားအမိ နှစ်ယောက် ဒီသင်္ဘောနဲ့ပဲ ရှန်ဟဲ အရောက်လိုက်ပါသွားကြတယ်။

ရှန်ဟဲ ရောက်တဲ့အခါမှာတော့ ပါတီဗဟိုဌါနမှာဘဲ နောက်တကြိမ်ရောက်သွားပြန်တယ်။ မကြာမီမှာ သူမခင်ပွန်းရဲ့ ညီမဖြစ်သူ “ချိန်စုန်ယင်းနဲ့တွေ့လို့ နှစ်ယောက်သားကလေးကို ဟန့်ခိုမှာရှိတဲ့ “ချိန်ယို့ယွင်ရဲ့အိမ်မှာပို့ကြဖို့ တိုင်ပင် ကြတယ်။ ဟန့်ခို ရောက်တယ်ဆိုရင်ပဲ မမျှော်လင့်ပဲ ရန်သူ့ စုံထောက်တွေ သူတို့ကို ခြေရာခံလိုက်နေတာ သိရလို့ ပါးပါးနပ်နပ်နဲ့ ရန်သူကိုလမ်းလွှဲသွားအောင် မျက်ခြေပြတ်အောင် လုပ်ခဲ့ရတယ်။ ဒါပေမဲ့ လုံခြုံရေး အာမခံချက်ရှိဖို့ ခလေးကိုပို့ပြီးတာနဲ့ ရှန်ဟဲကိုအမြန်ပြန်ခဲ့ရတယ်။

၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက် အရေးအခင်း ဖြစ်ပွားပြီးနောက် ချောအိမန်ဟာ၊ သူမကို အရှေ့မြောက် ဒေသကို လုပ်ငန်းတာဝန် ရွှေ့ပြောင်းဖို့ ပါတီအဖွဲ့အစည်းရဲ့ ညွှန်ကြားစာ ” ကိုလက်ခံရရှိပါတယ်။

အိမန်၊ အရှေ့မြောက်ဒေသ ရှိန်ယန်း ရောက်တော့ စက်ရုံမှာ အမျိုးသမီးအလုပ်သမားအဖြစ် ဝင်လုပ်ရင်း တော်လှန်ရေး  လုပ်ငန်းဆက်လုပ်ပါတယ် အဲ့ဒီမှာ..လျှို့ဝှက်လုပ်ငန်းလုပ်ရင်းနဲ့ တနှစ်ကျော်ကာလ ဖြတ်သန်းခဲ့ရတယ်။

၁၉၃၁ ခုနှစ်မှာ၊ မန်ချူးရီယားပြည်နယ်၊ အလုပ်သမားအစည်းအရုံး ကြိုတင်ပြင်ဆင်ရေး ဌါနချုပ်ကိုတည်ထောင် ပါတယ်။ အိမန်ဟာ ဟာရဗင်မြို့ ကိုပြောင်းရွှေ့ပြီး ပြည်နယ်ကော်မတီရဲ့ ခေါင်းဆောင်မှုအောက်မှာ အလုပ်သမား အစည်းအရုံး လုပ်ငန်းတွေ ပါဝင်လုပ်ဆောင်ပါတယ်။ နောက်တော့ ဟာရဗင် အလုပ်သမားအစည်းအရုံး အဖွဲ့ချုပ်ရဲ့ ယာယီ အတွင်းရေးမှူးတာဝန် ယူပါတယ်။

အဲ့ဒီအချိန်မှာ ဂျပန်ကျူးကျော်ရေးသမားတွေဟာ ပျက်စီးယိုယွင်းချိနဲ့နေတဲ့ တရုတ်ပြည်ကို၊ “အနောက်ဘက်ခြမ်းက ခြေတစ်လှမ်းဝင်ချဖို့ ” ဆိုတဲ့ရည်ရွယ်ချက်နဲ့ အရှေ့မြောက်ပြည်နယ်သုံးခုကို ထိုးဝင်လာပါတယ်။ အဲဒီမှာ ရိုင်းပြ ရမ်းကားတဲ့ သွေးထွက်သံယိုမှုတွေနဲ့ ပြွန်းတီးတဲ့ စိုးမိုးချယ်လှယ်မှုဖိနှိပ်မှုတွေကို လုပ်လာပါတယ်။ ရန်သူရဲ့ စိုးမိုးမှု အောက်မှာ တော်လှန်ရေးလုပ်ငန်းတွေကို ပိုမို ကောင်းအောင်လုပ်သွားနိုင်ဘို့ အိမန် နဲ့ အလုပ်သမားအစည်းအရုံး အဖွဲ့ ချုပ် အတွင်းရေးမှူး “လောင်ဆောင်းတို့ဟာအိမ်ထောင်စုတစ်ခုရဲ့ ဇနီးမောင်နှံအဖြစ် ယောင်ဆောင် အသွင်ပြောင်း ပြီး နေကြတယ်။ သူမ ဟာ တဘက်မှာ ဌါနရဲ့ လုပ်ငန်းကိုလုပ် ရင်း အခြားတဘက်မှာ စီးကရက်စက်ရုံ ဓာတ်ရထား၍ တို့ရှိ အလုပ်သမားတွေထဲ ဝင်ရောက်ပြီး တော်လှန်ရေးလုပ်ငန်း လုပ်ပါတယ်။ တရက်မှာ လောင်ဆောင်း အတော် နောက်ကျမှ အိမ်ပြန်လာတယ်။ အခန်းထဲရောက်တော့ အသံနှိမ့်ပြီးခုလိုပြောတယ်

ညဘက်မှာ ရထားမောင်းခွင့် ပြန်ရပြီ။

ဒါကိုကြားတော့ အိမန်က ညတွင်းချင်း ဝါဒဖြန့် စာတမ်းတွေကူးရတော့မယ် ဆိုတာချက်ချင်း သဘောပေါက်လိုက်ပြီး တံခါးကိုမင်းတုန်းချပိတ်လိုက်ပြီးတော့ စာလှိမ့်စက်ကို ထုတ်ယူလာတယ်။ လောင်ဆောင်းကတော့ ပြောစရာရှိတာ ဆက်ပြောနေတယ်..

*“ဂျပန်စစ်ဦးစီးဌာနရဲ့ အစောင့်တပ်ဖွဲ့က တပ်ရင်းမှူး တစ်ယောက်ဟာ ဓာတ်ရထားစီးပြီး ပိုက်ဆံမပေးဘူး၊ လက်မှတ်စစ်ဟာ ကွန်မြူနစ်လူငယ်အ ဖွဲ့ဝင်တစ်ယောက်ပဲ၊ ဒါမျိုးတွေကို နေ့တိုင်းလိုလိုတွေ့မြင်နေရလို့ တရုတ် မျိုးဖျက်အယုတ်တမာကောင်တွေကို အော့နှလုံးနာသလားမမေးနဲ့ ဒါကြောင့် ဒီတခါတော့ ဘယ်လိုမှသီးမခံနိုင် တော့တာနဲ့ ဇွတ်အတင်း လက်မှတ်တောင်းတော့ တပ်ရင်းမှူးဆိုတဲ့ကောင်က သူ့ကိုကင်ပေတိုင်စခန်းထဲကို ဆွဲခေါ်သွား ပြီး သွေးသံရဲရဲဖြစ်အောင် ရိုက်နှက်ထုထောင်းတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဓာတ်ရထားအလုပ်သမားတွေက မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်ကြလို့အလုပ်သပိတ်မှောက်ဖို ဆုံးဖြတ်ကြတယ်။ မြေအောက်ပါတီ အဖွဲ့အစည်း က အလုပ်သမားတွေရဲ့လှုပ်ရှားမှုကို ထောက်ခံပြီး၊ ချောအိမန်ကို ဝါဒဖြန့် စာစောင်တွေ ညတွင်းချင်းပြီးအောင်၊ ရိုက်နှိပ်ဖို့ ညွှန်ကြားတာပါ။လောင်ဆောင်း ဟာ ပြောစရာရှိတာတွေ ပြောပြီး အလုပ်သမားတွေနေတဲ့ အဆောင်ကို သုတ်သုတ်နဲ့ ထွက်သွားလေရဲ့ ။

မိုးလင်းတဲ့အခါမှာတော့ ချောအိမန်ဟာ ကူးပြီးတဲ့မိတ္တူစာရွက်တချို့ကို အသေအချာ ချည်နှောင်ပြီး ခြင်းတစ်လုံး မှာထည့်၊ အပေါ်ကလျှော် ဖွတ်ဖို့ထားတဲ့ အင်္ကျီတွေကို ဖုံးအုပ်ပြီးတော့ ခြင်းကိုဆွဲပြီး လမ်းပေါ်ထွက်ခဲ့တယ်။ သူမဟာ တည်တည်ငြိမ်ငြိမ်နဲ့ ကင်းတပ်သားတွေရှေ့က ဖြတ်ကျော်တက်သွားတယ်။ အလုပ်သမားသပိတ်ကော်မတီ ထံမှာ ပါလာတဲ့ စာစောင်တွေအပ်နှံပြီးတာနဲ့၊ အလုပ်သမားတွေနဲ့အတူ လမ်းပေါ်တက်ပြီး ဝါဒဖြန့်တာလုပ်ပါတယ် ကားမှတ် တိုင်တိုင်းမှာ စိုးရိမ်တကြီးနဲ့စောင့်နေကြတဲ့ ခရီးသည်တွေနဲ့ ပြည့်နေတယ်။ အားလုံးက ဓာတ်ရထားမလာတဲ့ အကြောင်းရင်းကို စူးစမ်းနေကြလို့... ချောအိမန် က ရှင်းပြရပါတယ်။

ရှင် တို့မကြားမိဘူးလား ၊ ဓာတ်ရထားအလုပ်သမားတွေ သပိတ်မှောက်နေကြတယ်လေ

လူတွေက သူမဆီကို ဝိုင်းအုံလာပြီး ဘာကြောင့်လဲလို့မေးကြတယ် ။သူမကတော့ မနေ့က ဂျပန်စစ်ဦးစီးဌာနရဲ့ အစောင့်တပ်ရင်းမှူးက လက်မှတ်စစ်ရိုက်နှက်တဲ့ အကြောင်းစုံကို စီကာပတ်ကုံး ရှင်းပြရတယ်။ တဆက်တည်းမှာပဲ ဒါကိုအခွင့်ကောင်းယူပြီး ဂျပန်ခုခံဆန့်ကျင်ရေးကိုလည်း ဝါဒဖြန့်တယ် အားလုံးကတော့ ကိုယ့်ထင်မြင်ချက်ကိုယ် တယောက်တပေါက်စီ ပြောနေကြရဲ့။ ရထားစောင့်တဲ့ ခရီးသည်လူတန်းကြီးလည်း ရှည်သည်ထက် ရှည်လာတယ်။ ချောအိမန်က ရတဲ့အခွင့်အရေးကို လက်မလွတ်စေဘဲ ဝါဒဖြန့်စာစောင်တွေကို သူတို့လက်ထဲ အရောက် ကမ်းပေး တယ်။ လူအုပ်ကြီးလည်း အနားကပ်လာပြီး၊ အလုအယက် ယူဖတ်ကြည့်ကြတယ်။ ရဲကားရောက်လာချိန်မှာတော့ တက်ကြွတဲ့ လူအုပ်ကြီးကို ဖြန့်ဝေပြီးသွားပြီ။

ဒီအကြိမ် အလုပ်သမားသပိတ်ဟာ ကျယ်ပြန့်တဲ့ အလုပ်သမားထုရဲ့ ထောက်ခံမှုနဲ့ အောင်ပွဲရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဟာရဗင်မှာရှိတဲ့ ပါတီအဖွဲ့အစည်းဟာ ရန်သူရဲ့ချေမှုန်းတာ ခံလိုက်ရတယ်။ အိမန်က ပါတီရဲ့ညွှန်ကြား ချက်အတိုင်း၊ အလုပ်သမား အချို့ကိုစုစည်းပြီး ကျေးလက်ဒေသဆင်း ပြောက်ကျားစစ်ဆင်ဖို့ စီစဉ်စေလွှတ်တယ်။ သူမကိုတော့ စူးဟော်စုန်းရှင်း ခရိုင်ကော်မတီအဖွဲ့ဝင် တာဝန်ကိုခွဲဝေစေလွှတ်တယ်။ ဒီနောက် ခရိုင်ကော်မတီရဲ့ အထူးစေလွှတ်တာဝန်ပေးသူအဖြစ်နဲ့ ဂျပန်ခုခံရေးပြောက်ကျားအခြေခံသေ တည်ဆောက်ရေးလုပ်ငန်းကို တာဝန် ယူပါတယ်။ ဒီနောက်ပိုင်းမှာတော့ သူမဟာစုန်းဝှာမြစ် ကမ်းနှစ်ဘက်ရှိ မြက်ခင်းပြင် ကြီးတွေရဲ့ အပေါ်ဘက် ကျိချန်ပိုင် တောင်တန်းတလျှောက် တောအုပ်တွေထဲမှာ ဂျပန်ခုခံရေး မဟာမိတ်တပ်မှ တပ်သားများရဲ့ လှုပ်ရှားမှုကို အခါမလတ် ခေါင်းဆောင်မှုပေးခဲ့ပါတယ်။ သူတို့ဟာ သတင်းလုံခြုံမှုကိုထိန်း တပ်ဖျောက်ပြီး ရန်သူကိုချည့်နဲ့သွားအောင် အကာအကွယ်မဲ့သွားအောင် နည်းမျိုးစုံသုံးပြီးဖန်တည်းတယ်။ ပြီးတော့ အခွင့်အလန်းကောင်းရှာပြီး ရန်သူကို အထိ နာအောင် တိုက်ကြတယ်။

အိမန်ဟာ ရထားလမ်းမြောက်ဘက်ဒေသ၊ ဒေသကော်မတီအတွင်းရေးမှူး တာဝန်ယူတဲ့ အချိန်က လူထုတရပ်လုံးကို လှုံ့ဆော်စည်းရုံးရေးတာဝန်၊ လက်နက်ခဲယမ်းစုဆောင်းရေးနဲ့ ဂျပန်ခုခံရေးတပ်မတော်ရဲ့ လုပ်ငန်းတွေကိုကူညီရေး စတဲ့ တာဝန်တွေကိုယူရပါတယ်။ သူမရဲ့ ကြိုးပမ်းအားထုတ်မှ တွေကြောင့် ဂျပန်ခုခံရေးလုပ်ငန်းအားလုံး အစကနဦး မှာပင် တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

မကြာမီမှာဘဲ စူးဟော်ပြောက်ကျားအခြေခံဒေသရဲ့ လယ်သမားသမဂ္ဂ၊ အမျိုးသမီးသမဂ္ဂနဲ့၊ ကလေးသူငယ်အဖွဲ့ များကို ဆက်တိုက်ဆိုသလို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။ သူမဟာ အမျိုးသမီသမဂ္ဂမှတဆင့် အမျိုးသမီးထုကြီး ကို ဂျပန်ခုခံရေးတပ်မတော်သားတွေအတွက်.. ဘိနပ်များချုပ်ပေးဖို့၊ အဝတ်အစာများ လျှော်ဖွတ်ပေးဖို့၊ ကလေး သူငယ်များကိုတေးသီချင်းများ သင်ပေးဖို့နဲ့ လူထုတရပ်လုံးကို တော်လှန်ရေး အတိတ်ပုံပြင်များကိုပြောပြတွေကို ”လှုံ့ဆော်စည်းရုံးပါတယ်။ သူမဟာ အချိန်တိုအတွင်းမှာပဲ မီးရထားလမ်းမြောက်ဘက်ဒေသ လယ်သမား ပြောက်ကျား တပ်ခွဲကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျပန်ခုခံရေးတပ်မတော်နဲ့ အချိန်မရွေး ပေါင်းစပ်တိုက်ပွဲဝင် နိုင်တော့မဲ့ အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီအချိန်က တိုက်ပွဲဆင်ဖို့ အဘက်ဘက်မှာအချက်အလက်မပြည့်စုံ အလွန့်အလွန် အခက်အခဲကြီးပါတယ်။ လက်နက်ခဲယမ်းဆေးဝါးမရှိ၊ အဝတ်အစားမရှိ၊ ထောက်ပံ့ပစ္စည်းမရှိ ဒါတွေအားလုံးက အသက်သွေးပေးပြီးမှ ရန်သူ့လက်ထဲက ရနိုင်မှာလေ။ အိမန်ကတော့ သူရသတ္တိနဲ့ပြည့်စုံတဲ့ တိုက်ခိုက်ရေးထူးချွန်တဲ့ ဦးစီးညွှန်ကြားသူ တစ်ယောက်ပဲ။ တခါတော့ ပြည်သူ့တော်လှန်ရေးတပ်မတော်၊ အမှတ်(၃)တပ်မတော်မှ အမှတ်(၃) တပ်ရင်းကြီးဟာ ဟုတ်လင် ဒေသမှာလှုပ်ရှားနေတုန်း ရုတ်တရက်မမျှော်လင့်ပဲ ရန်သူ့တပ်ရင်းကြီး နှစ်ရင်းရဲ့ ပိုင်းတာခံလိုက်ရတယ်။ ပြည်သူ့တပ်မတော်နဲ့ ရန်သူဟာ တစ်ရက်နဲ့တစ်ည အပြင်းအထန်တိုက်ကြတယ်။ ရန်သူရဲ့အကြိမ်ကြိမ်ထိုးစစ်ကို အဆက်မပြတ်တွန်းလှန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ရန်သူရဲ့နောက်ဘက် အထောက်အကူတွေဟာ အဆက်မပြတ် ရှိနေ တယ်။ အမြောက်စိန်ပြောင်းတွေ စက်သေနတ်ကြီးတွေစတဲ့ အကြီးစားလက်နက်ကြီတွေနဲ့ ပေါင်းစပ်ပြီး မီးအားဖြည့် ပေးနေတယ်။ ဆက်ပြီး တိုက်ပွဲသဲသန်ပြင်းထန်နေမယ်ဆိုရင်တော့ ဘက်စုံအခြေအနေက ပြည်သူ့တပ်မတော်အတွက် လုံးဝအကျိုးမရှိတဲ့ အနေအထားဖြစ်ပါတယ်။

ဒီလိုစိုးရိမ်ဖွယ်ရာ အခြေအနေမှာဗြုန်းကနဲ ရန်သူ့နောက်ကြောဘက်မှ သေနတ်သံတွေ ထွက်ပေါ်လာတယ်။ လက်စသတ်တော့ အိမန်ခေါင်းဆောင်တဲ့ လယ်သမားခုခံကာကွယ်ရေးတပ်ခွဲနဲ့ တခြားတပ်တွေအင်အားစုစည်းပြီး တဟုတ်ထိုး ချီတက်တိုက်ခိုက်လာပြီး၊ အမှတ်(၃)တပ်ရင်းကြီးနဲ့ရန်သူ အသဲအသန်တိုက်နေကြတုန်းမှာ သူမက ဦးစွာပထမ ရန်သူ့အမိန့်ပေးဦးစီးဌာန တည်ရှိရာနေရာတဝိုက်ကို လူလွှတ်လေ့လာ ကင်းထောက်ခိုင်းတယ်၊ ပြီးမှ မိမိတပ်အင်အားကို တတ်နိုင်သမျှစုစည်းပြီး ရန်သူ့အမိန့်ပေးဦးစီးဌာနကိုတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ လယ်သမားခုခံကာကွယ်ရေးတပ်ခွဲဟာ ရန်သူကို ပြင်ဆင်ခွင့်မပေး၊ အလစ်အငိုက်ဖမ်းကာ၊ အရေးပါပြီး အချက်အချာ ကျတဲ့နေရာကို ရုတ်တရက်တဟုန်ထိုး စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရန်သူဟာတပ်လန့် ဖရိုဖရဲဖြစ်ကာ ဒရောသောပါး ကစဉ်ကလျား ဆုတ်ပြေးသွားရတဲ့အဖြစ်ကိုရောက်သွာတာပါ။ အိမန် ခေါင်းဆောင်တဲ့ ဒီအကြိမ် ရုတ်တရက် အလစ် ဝင်ရောက်တိုက်ခိုက်စစ်ဆင်မှုဟာ၊ အမှတ်(၃)တပ်ရင်းကြီးကို ရန်သူဝိုင်းထားတဲ့ အခြေအနေမှ ကယ်တင်နိုင်ရုံ သာမက၊ ဒါဏ်ရာရ ရန်သူတချို့ကိုလက်ရဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ ပါတယ်။

၁၉၃၅ ခုနှစ် မှာ ချောအိမန် ခေါင်းဆောင်တဲ့ ဒေသပြောက်ကျားတပ်ဟာ ပြည်သူ့တပ်မတော်မှ အမှတ်(၃)တပ်မတော်၊ အမှတ်(၂)တပ်ရင်းကြီးနဲ့ အတူပူးတွဲပြီး တိုက်ခိုက်ရေးတာဝန် ယူကြရာမှာ သူမက အမှတ်(၂)တပ်ရင်းကြီးရဲ့ နိုင်ငံရေးမှူး တာဝန်ယူပါတယ်။ ဒီကာလမှာ ဂျပန်တပ်ဟာ အကြိမ်ကြိမ် အလုံးအရင်းနဲ့ အသဲအသန် ဝင်ရောက်တိုက်ခိုက်နေတော့ တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ။ ရန်သူဟာ ဒီတချည်တော့ အကြိမ်ကြိမ်ရှုံးနိမ့်ပေမဲ့ယုတ်ကန်းကန်းနဲ့ မိုက်ပြီးရင်းဆက်မိုက်ကြမဲ့ပုံဘဲ၊ ဒီလိုနဲ့ပဲဒီနှစ်ဆောင်းဦးရာသီအတွင်းမှာ၊ တပ်အင်အားအလုံးအရင်း ထပ်မံ စုဆောင်း ပြီး ပြောက်ကျားဒေသကို ထိုးစစ်ဆင်လာတယ်။ ချောအိမန်တို့ အဖွဲ့ကို ရှာဖွေဖမ်းဆီးနိုင်ဖို့ တောအနှံ့တောင်အနှံ့ ပိုက်စိတ်တိုက် လှုပ်ရှားနေကြပြန်တယ်။

၁၉၃၅ ခုနှစ်၊ ဆောင်းရာသီရဲ့ တစ်ခုသောနေ့နံနက် ဝေလီဝေလင်းမှာ ရန်သူရဲ့( စူးဟော်)တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ရုတ်တရက် ဝိုင်းဝန်းပိတ်ဆို့ ထိုးဝင်လာကြတယ်။ ဆူညံကျယ်လောင်တဲ့ သေနတ်သံတွေဟာ အရုဏ်ဦးရဲ့ ဆိတ်ငြိမ်မှု ကို အကျည်းတန်စွာ ဖြိုခွင်းလိုက်တယ်။ ရန်သူဟာ အနီးကပ်မျက်နှာ ချင်းဆိုင်အနေအထားကို ချက်ချင်း ထိုးတက် လာတယ်။ ဒီလိုအရေးတကြီး အသဲအသန် အခြေအနေမှာ အလျှင်အမြန် အဆုံးအဖြတ်ပေးဖို့လိုနေပါပြီ တပ်မှုး ဝန်ဝှေ့ထုန်ရဲ့ သဘောတားက နိုင်ငံရေးမှုးချောအိမန် အနေနဲ့တပ်ကို ဦးဆောင်ပြီး ရန်သူ့ဝိုင်းဝန်းမှုမှ တိုးဖေါက် ထွက်သွားစေချင်တယ်။ အိမန်ကတော့ ခေါင်းမာစွာနဲ့ ခုခံကာကွယ်ထားတဲ့တာဝန်ကိုပဲ ယူပါတယ်။ တိုက်ပွဲဖြစ်စဉ်ရဲ့ နောက်ဆုံးအခြေအနေမှာ တော့ အိမန် ရဲ့ ပေါင်မှာ သေနတ်ဒါဏ်ရာ ရလို့ လှုပ်ရှားလို့တောင် အတော်ခက်သွားပါတယ်။

ဒီနောက်မှာ သူမနဲ့ရဲဘော်(၃)ယောက်ဟာ စူးဟော်ခရိုင် အမှတ်(၃)ဒေသ ချွန်းချိုးလင် အနီးက လယ်တဲကလေးမှာ ပုန်းနေပြီး ဆေးကုရတယ်၊ ရန်သူ့ထောက်လှမ်းရေးက ဒီသတင်းကိုကြားတော့ (ချီတက်တိုက်ခိုက်ရေးတပ်) ရဲ့တပ်မှူး ထံကို သတင်းပို့လိုက်ကြတယ်။ အဲ့ဒီတပ်မှူးဟာ လက်နက်အပြည့် အစုံတတ်ဆင်ထားတဲ့ ရုပ်သေးတပ် အင်အား (၂ဝ)ကျော်ကို သူကိုယ်တိုင် ဦးဆောင်တက်လာပြီး လယ်တဲကို ဝိုင်းကြတယ်။ နှစ်ဘက် အပြန်အလှန် သဲသဲမဲမဲ ပစ်ခတ်တိုက်ခိုက်ကြပြီးနောက်တော့၊ အိမန်ရဲ့ ဘယ်ဘက် လက်ကောက်ဝတ်မှာ “ကျည် ဖေါက်သွားပြန်တယ်။ နောက်ဆုံး သွေးထွက်လွန်ပြီးတော့ မေ့မျောသွားတော့တယ်။ ရန်သူက သူမနဲ့ အခြားရဲဘော်နှစ်ယောက်ကို စူးဟော်မြို့ အရောက် ကြပ်မတ်ပို့တယ်။ ဒီနောက်တော့ ချောအိမန်ကို ပင်းကျန်းပြည်နယ်ရဲ့ ကင်ပေတိုင် စခန်းကို လုံခြုံမှုတင်း ကြပ်စွာနဲ့ပို့ပြန်ပါတယ်။

စစ်ကြောရေးအခန်းထဲမှာ ဂျပန်ကင်ပေတိုင်ခေါင်းဆောင် “လင်ခွန်းစုန်း ကိုယ်တိုင်စစ်ဆေးမေးမြန်းပါတယ်။ သူက ပြေပြစ်ချောမောတဲ့ တရုတ်စကားနဲ့ “ချောအိမန်လို ထူးချွန်တဲ့လူမျိုးတွေ့ရခဲကြောင်း အသားလွတ် ဟန်ဆောင် မြှောက်ပင့် ချီးကျူးတယ်၊ တဖက်ကလည်း ကြောင်သူတော်မူအရာမျိုးနဲ့ ပစ်တင်ရှုံ့ချထိုးနှက် ပြောဆိုတာတွေလုပ်ပြီး သူမကို ဆေးကုမပေးဘဲ လျူလျူရှုပစ်ထားပါတယ်။ ချောအိမန်က ပထမတော့ ဂရုမစိုက်သလို ဘာမှ မတုန့်ပြန်ဘဲ နေတယ်။ နောက်တော့ သီးမခံနိုင်တဲ့အဆုံး မျက်လုံးမှာလည်း ဒေါသအရောင်တွေ လင်းလက်ပွင့်ထွက်လို့၊ မထိန်းနိုင် တော့တာနဲ့ “ကွန်မြူနစ်တစ်ယောက်ရဲ့ ခန္တာကိုယ်ပေါ်က တစ်ခုခုကိုရယူနိုင်မယ်လို့ စိတ်ကူးယဉ်နေသလား၊ ဒါဆိုရင် မီးတောင်ဝထဲကို တိုးဝင်သွားတာထက် ခက်လိမ့်မယ်မှတ်လို့ခတ်မာမာပဲပြောချလိုက်တယ်။

ရန်သူက စကားလုံးလှလှကလေးတွေသုံး၊ နားဝင်ချိုအောင်ပြောပြီး လှည့်ဖျားတဲ့နည်းဟာ ခရီးမပေါက်မှန်းသိလာ တော့၊ ညှဉ်းပန်းရက်စက်တဲ့နည်းကို ပြောင်းသုံးပြန်ပါတယ်။ ကြာပွတ်နဲ့ရိုက်တယ်၊ မီးပူတိုက်တယ်။ လက်သည်းကြား ထဲကို ဝါးချွန်တွေရိုက်သွင်းတယ်၊ ချောအိမန်မှာငယ်ငယ်ကတည်းက အဆုပ်ရောင် တီဘီရောဂါ ရှိပါတယ်။ စိချွမ်း၊ ရှန်ဟဲ၊ မော်စကိုတို့မှာနေစဉ် အကြိမ်ကြိမ် ဖျားနာခဲ့ဘူးတယ်။ ခက်ခဲပင်ပန်းတဲ့တောတောင် ဒေသနေထိုင်မှုဘဝ ကို ဖြတ်သန်းရတဲ့ အချိန်မှာတော့၊ သူ့ကျန်းမာရေးဟာ ပိုပြီးဆိုးလာခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်တဲ့ အတွေးအခေါ်နဲ့ အကောင်းမြင်ဝါဒ စိတ်ဓါတ်အင်အား တွေကသူမကိုတလျှောက်လုံး အထောက်အကူပေးခဲ့တာပါ။ယခုမျက်မှောက် အခြေအနေမှာတော့ သေနတ်ဒါဏ်ရာနဲ့ ရန်သူရဲ့ ရက်စက်ညှဉ်းပန်းမှုတွေက ထပ်တိုးလာတော့ ၊ သူမအတွက် ဗူးလေးရာဖရုံဆင့် ဆိုသလိုပါပဲနောက်ဆုံးတော့ သူမခမျာ သတိလစ်မေ့မျောသွားတော့တယ်။

အိမန် သတိရလာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်ဝင်းပနေသလို ထိတွေ့ခံစားလိုက်ရတယ်။ သူ့ကို စိတ်ဝင်တစား စူးစူးနစ်နစ် စိုက်ကြည့်နေတဲ့ မိန်းခလေးတစ်ယောက်ရဲ့ မျက်နှာကို မြင်လိုက်ရတယ်။ တကယ်တော့ ရန်သူဟာ လက်လျှော့လိုက်တာတော့ မဟုတ်သေးဘူး။ ဂျပန်ခုခံရေး မဟာမိတ်တပ်မတော်ရဲ့ လျှို့ဝှက်ချက်တွေကို ရချင်သေးတယ်။ သူမသေသွားမှာတောင် သူတို့က စိုးရိမ်သေးတယ်။ ဒါကြောင့် ဆေးရုံကို အလျင်အမြန်ပို့ လိုက်ကြ တာပေါ့ ၊ အိမန်တစ်ယောက် ရန်သူရဲ့ပက်စက်တဲ့အကြံယုတ်ကို ကြိုတင် မခန့်မှန်းမိတာတော့ မဟုတ်ပါ။

အိမန်က လက်ဦးမှုရှိရှိဘဲ အစောင့်တာဝန်ယူတဲ့ တုန်ရှန်ရှင်း နဲ့စကားစမြည်း ပြောကြည့်ပါတယ်။ တုန်ရှန်ရှင်း ဟာ တရားမျှတမှုကို လိုလားသူ တစ်ယောက်ဖြစ်တယ်ဆိုတာ သတိပြုမိပါတယ်။ အိမန်က ဂျပန်ခုခံရေးမဟာမိတ်တပ်ရဲ့ အတွေ့အကြုံတွေကို မိတ်ဆက်ပေးပါတယ်။ သူက ဆန့်ကျင်တဲ့ခံစားမှုမျိုး မဖေါ်ပြဘူး။ တဖြည်းဖြည်းနဲ့ ဂျပန်ခုခံရေး မဟာမိတ်တပ်မတော် နဲ့ ပတ်သက်လို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာတယ်။ ဂျပန်ဆန့်ကျင်ရေး တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေအပေါ်မှာလည်း ရိုသေလေးစားမှု၊ စာနာအားကျမှု၊ တို့ကိုဖေါ်ပြတယ်။ ဒီလိုနဲ့ပဲ တုန်ရှန်ရှင်း တဝန်ကျတဲအချိန်မှာ လွတ်လပ်မှု တစုံတရာ ရလာတယ်။ ခဲတံနဲ့စာရွက် တချို့ ရလာလို့ စာရေးဖြစ် သွားတယ်။

သူမက “ စက်တင်ဘာအရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်း ဖုန်ထယန်း (ရှိန်ယန်း)ရှိ ဂျပန်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေနဲ့၊ မန်ချူးရီးယားကို ညစ်ပတ်တဲ့ အကြံယုတ်နဲ့ ချယ်လှယ်မင်းမူနေတာတွေ စတာတွေကို ဖေါ်ထုတ် ဖွင့်ချပါတယ်။ တဆက်ထည်းမှာပဲ“ တရုတ်ပြည်သူတွေရဲ့ ပြည်ချစ်ဝါဒ စိတ်ဓါတ်နဲ့ ဂျပန်တပ်ကို မောင်းထုတ်ကြတို့၊ မန်ချူးရီးယားပြည်သူတွေရဲ့ ပြင်းပြတဲ့ရည်မှန်းချက် အောင်မြင်ရန် အကောင်အထည် ဖေါ်ကြဘို့” စတာတွေကို လည်း တောင်းဆို လှုံ့ဆော် ထားပါတယ်။ နားလည်သဘောပေါက်လွယ်အောင် အရိုးဆုံးအရှင်းဆုံး ရေးထားပါတယ်။ စိတ်နှလုံးကောင်းရှိတဲ့ သာမန် တရုတ်ပြည်သူတစ်ယောက်က ဖတ်ကြည့်တာနဲ့ ဂျပန်နယ်ချဲ့သမားနဲ့ တရုတ်မျိုးဖျက် သစ္စာဖေါက်တွေကို ခါးသီးမုန်းတီးမှုတွေနဲ့အတူ စိတ်ဓါတ်နိုးကြားတက် ကြွေစေမှာဖြစ်ပါတယ်။ အိမန် ရဲ့ ဆောင်းပါး ကို တုန်ရှန်ရှင်း ဖတ်ပြီးတဲ့အခါမှာတော့ သူ့ခံစားမှုစိတ်ဓာတ် အတွေးအခေါ်တွေ အရှိန်အဟုန်နဲ့ ပြောင်းလဲလာပြီး ဂျပန်ခုခံရေး မဟာမိတ်တပ်မတော်မှာပါဝင်ဖို့ သဘောထားဖေါ်ပြလာပါတယ်။ ဂျပန်ကျူးကျော်မှုကို ပြန်လည် မောင်းထုတ်ဖို့ တစ်အူတုံဆင်း ညီနောင်ရင်း တွေကိုကယ်တင် လွတ်မြောက်စေဖို့အတွက် မိမိရဲ့ခွန်အား အသက်ခန္တာကို ပေးဆက်လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သူနာပြုဆရာမလေး “ ဟန်ယုယိ ” က အိမန်ရဲ့ဒါဏ်ရာကို ဆေးလဲပေးဖို့ တာဝန်ယူပါတယ်။ သူမက ပွင့်လင်း ဖျတ်လတ်တဲ့ သွက်လက်ချက် ချာတဲ့မိန်းခလေးပါ။ သူမ မျက်စိအောက် ရောက်နေတဲ့ လူနာဟာ “ဒဏ္ဍာရီပုံပြင်ထဲက လူသားတစ်ယောက်အလား အများကပြောနေကြတဲ့”ဂျပန်ခုခံရေး မဟာမိတ်တပ်မတော်မှ သူရဲကောင်း ချောအိမန် ဆိုတာသူမ သိတယ် ဖြေမဆည်နိုင်တဲ့ကြေကွဲမှု ကြင်နာမှုအားကျမြတ်နိုးမှုတိုဖြင့် ရင်ထဲမှာဆူပွက် လှိုင်းထလို့ ဒါကြောင့်မို့လည်း အိမန်ကိုစိတ်ရှည်လက်ရှည်နဲ့ တတ်နိုင်သမျှ ဂရုစိုက်စောင့်ရှောက်ပေနေမိပြန်တယ်။ ဂျပန် ကင်ပေတိုင် ခေါင်းဆောင် လီခွန်စုန်းဟာ ဆေးရုံကို မကြာခဏ လာတတ်တယ်။ မျက်နှာမှာတော့ ဟန်ဆောင် အပြုံးတွေစုပုံလို့၊ တချို့အချိန်တွေမှာတော့ အိမန်ကို တကယ့်ကိုကြင်နာစာနာတဲ့ဟန်နဲ့ သက်ပြင်းသက်မတွေတောင် ချပြတတ် သေးတယ်။ အိမန် ကတော့ ကျိတ်ရယ်မိတယ်။ အော် ဒင်းတို့တတွေ “ စိန် ”ကိုပျော့အောင်လို့ သကာရည် ထဲမှာ ထည့်နှစ် ကြည့်သလိုများ ဖြစ်နေမလား၊ စဉ်းစားမိလို့ပါ။ ဘယ်လောက်များ မိုက်တွင်းနက်လိုက်ပါသလဲ၊ ဆေးရုံမှာနေစဉ်အတွင်းမှာလည်း အိမန်ကတော့ နေ့စဉ်နဲ့အမျှ စစ်ဆေးမေးမြန်းတာ နှိပ်စက်ညှဉ်းပန်းတာ ခံနေရဆဲပါ။ နောက်ဆုံး အိမန်ကို တာဝန်ယူ ကုသပေးနေတဲ့ ဆရာဝန်တွေကတောင် မကြည့်ရက်နိုင်တော့လို့“ ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလုပ်ကြပါ၊ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းသလဲ၊ ကျနော်တို့ကုသပေးလို့ ခုဘဲ ကောင်းမယ်ကြံတုန်း ခင်ဗျားတို့က ထပ်ပြီးရိုက်နှက်ကြပြန်တယ်။

အိမန် ရိုက်နှက်တာခံရတိုင်း ရှောင်ဟန်တယောက် ငိုပွဲဆင်နေရတာပဲ။ သူမခမျာ အိမန်ကို ဆေးတိုက်ပေး၊ ထမင်း ကြွေး၊ ဆေးလဲပေးနဲ့ တတ်နိုင်သမျှဂရုစိုက်၊ အကြံကုန်ဉာဏ်ကုန်ထုတ်ပြီး၊ ပြုစုရှာပါတယ်။ တခါတလေ ထောက်လှမ်းရေးတွေ လာပြီဆိုရင် “ဒါဏ်ရာပြင်းထန်နေလို့ အိပ်ဆေးကြွေးပြီး အိပ်ခိုင်တားတာ၊ နေ့ဝက်နဲ့တော့ နိုးလာမှာမဟုတ်ဘူး။ဘာညာနဲ့ပရိယာယ်နဲ့ပြောဆိုတတ်ပါတယ်။ ရှောင်ဟန်ရဲ့ စိတ်သဘောထားဖြူစင်မှုနဲ့ ရိုးသားမှု ကို အိမန်က အကဲခတ်မိပါတယ်။ ဒါကြောင့် ညီမလေးတစ်ယောက်လို လည်းသဘောထားမိပြန်တယ်။

ရှောင်ဟန် ကတော့ ဆေးလဲတာကို အကြောင်းပြ အချိန်ဆွဲပြီး အိမန်နဲ့ အတူတူနေရတဲ့ အချိန်ကိုပိုရအောင် လုပ်ပါတယ်။ အိမန်ကလည်းရတဲ့အခွင့်အရေးကို လက်မလွှတ်စေဘဲ သူမကို “ဂျပန်ခုခံရေး မဟာမိတ်တပ်မတော်က စစ်သည်တော်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံများနဲ့ အမျိုးသမီးတွေရဲ့ ဘဝလွတ်မြောက်ရေး တိုက်ပွဲ ဟာ ဘယ်လိုအခက်အခဲတွေရှိပါစေ နောက်ဆုံးမှာ မုချအောင်မြင်ရမယ်စတဲ့ အကြောင်းအရာတွေကို ရှင်းလင်း ပြောပြပါတယ်။

နှစ်ဝက်ကာလ ဖြတ်ကျော်သွားခဲ့ပြီးရန်သူက အိမန် အပေါ်ကျင့်သုံးနေတဲ့၊ ပုံမှန်ထက်ကျော်လွန်တဲ့ အထူးနည်းနာတွေနဲ့ စစ်ဆေးမှု တွေဟာ နည်းနည်းမှ အရာမထင်မအောင်မြင်လေတော့ ကင်ပေတိုင် ခေါင်းဆောင် လီခွန်းကျွန်းဟာ သူ့ရဲ့ ကြင်နာဂရုဏာ မျက်နှာဖုံးအတုကို ဆုတ်ဖြဲပစ်လိုက်ပြီး ချောအိမန်ကို နောက်ဆုံး ရာဇသံပေးလိုက်တော့တယ်။ “ နောင်တမရဘဲဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့” အိမန်က သူ့စကားတွေကို မထီမဲ့မြင်ပြုရင်း တည်ငြိမ်တဲ့ အပြုံးနဲ့ဘဲ တုန့်ပြန်လိုက်တယ်။ ဒါပေမဲ့ ရှောင်ဟန်နဲ့ တုန်ရှန်ရှင်းတို့ နှစ်ယောက်ကတော့ သူမအတွက် စိုးရိမ်စိတ်နဲ့ အသဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ အိပ်မပျော်စားမဝင် ဖြစ်ရပြန်ပေါ့။

ဇွန်လရဲ့ တစ်ခုသောညမှာ တုန်ရှန်ရှင်းတယောက် လူနာအခန်းထဲကိုသုတ်သုတ၊သုတ်သုတ်နဲ့ ဝင်လာပြီးတော့၊ ချောအိမန်ကို အလောတကြီးနဲ့ပြောပြတယ် “ခင်ဗျားကိုဂျပန်တွေကသတ်ကြတော့မယ်တဲ့ရှောင်ဟန် ကတော့ ဒီသတင်းကြားတာနဲ့ ရှိုက်ကြီးတငင်ငိုချလိုက်တာ အသံတွေပါ ဝင်သွားခဲ့တယ်။ နောက်တော့ ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းရှာပြီး ထွက်ပြေးဖို့ အိမန်ကိုဖျောင့်ဖျတယ်။ တုန်ရှန်ရွှင်းကလည်း နည်းနာရှာပြီးကူညီပေးဖို့ပြောတယ်။ အိမန်ကတော့ ဒီလိုစဉ်းစားတယ်။ စွန့်စားမယ်ဆိုရင်လည်းရပါတယ်။ ထွက်မပြေးလည်း သေရုံကလွဲပြီး အခြား မရှိပါဘူး။ ဒါပေမဲ့ သူမစိုးရိမ်မိတာက သူ့အတွက်နဲ့ ဒီလူငယ်နှစ်ယောက်အပေါ်မှာ ဒုက္ခပေးသလို၊ ဝန်ထုတ်ပိသလိုများ ဖြစ်နေမလားလို့ပါ။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ရဲ့ စိတ်ကောင်း စေတနာနဲ့ပေးတဲ့ အကြံဉာဏ်ကိုငြင်းနေရ တာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကလည်း သဲကြီးမဲကြီး ဇွဲကောင်းကောင်းနဲ့ဖျောင့်ဖျနေကြတော့ နောက်ဆုံး မှာ မတတ်သာပဲ သဘောတူလိုက်ရတယ်။ သူမရဲ့ သဘောတူညီမှု ရတယ်ဆိုရင်ပဲ၊ လျှို့လျှို့ဝှက်ဝှက် သိုသိုသိတ်သိတ်နဲ့ ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ရှောင်ဟန်က သူ့လက်စွပ်နှစ်ကွင်းနဲ့အင်္ကျီကို ရောင်းလိုက်ပြီး တခြားလိုအပ်တာတွေ ပြင်ဆင်တယ်။ ဇွန်လ(၂၈)ရက်နေ့ ည မှာ စတင်လှုပ်ရှားဖို့ ဆုံးဖြတ်ကြတယ်။

အဲ့ဒီနေ့ည (၉)နာရီမှာ တုန်ရှန်ရှင်းဟာ ရုရှားကားဒရိုင်ဘာမောင်းတဲ့ ကားတစ်စီးငှါးပြီး သူနဲ့ဟန်ယုယီတို့ နှစ်ယောက် သား ချောအိမန်ကို ကားပေါ်တွဲတင်ပြီး မောင်းထွက်ခဲ့ကြတယ်။ ကွန်ဖြူးရှပ်ဘုရားကျောင်းအနီးကို ရောက်တော့ ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ ထမ်းစင်တစ်ခု ပေါ်ပြောင်းတင်ပြီး ဟာရဗင်မှ ယိုအားချိန် ဘက်ကို ဦးတည်သုတ်ခြေတင်ခဲ့ကြတယ်။ ဒီလိုနဲ့တုန်ရှန်ရှင်းရဲ့ ဦးလေးနေတဲ့ရွာကိုရောက်တော့ ဦးလေးဆီက မြင်းလှည်း ငှားပြီး ပြောက်ကျားဒေသရှိရာကို ဦးတည်ဆက်ထွက်ခဲ့ကြတယ်။

နောက်တရက် နံနက်မှာတော့ ရန်သူဟာ ချောအိမန် ဆေးရုံက ထွက်ပြေးသွားတဲ့သတင်းကိုရပြီး၊ နေရာအနှံ့ ဒေါင်းရှောက်အောင် လိုက်ရှာကြတယ်။ အဲ့ဒီညက လူနာဆောင်တာဝန်ကျ၊ လူဝင်လူထွက်စာရင်းနဲ့ ဆေးရုံဝင်းကား အဝင်အထွက်တွေကို စစ်ဆေးကြတယ်။ နောက်ဆုံးတော့ ရုရှားဒရိုင်ဘာတွေ ကားမောင်တဲ့နေရာက သဲလွန်စ ရသွားပြီး အလျှင်အမြန် လိုက်လံဖမ်းဆီးဖို့ မြင်းစီးတပ်ဖွဲ့ကို ချက်ချင်းလွှတ်လိုက်တယ်။

ဇွန်လ(၃၁)ရက် နံနက်မှာ အားချိန်ခရိုင်၊ လီကျားရွာအရောက်မှာရန်သူဟာ ချောအိမန်တို့ မြင်းလှည်း ကို လိုက်မှီလာ တယ် ။ တကယ်တော့ ဒီနေရာဟာ ပြောက်ကျားအခြေခံဒေသနဲ့ မိုင်(၂၀)လောက်ဘဲ ဝေးတော့တာပါ။ အိမန် ဟာ ရန်သူကို မြင်လိုက်တယ်ဆိုရင်ပဲ သေနတ်လွယ်နေကျ နေရာကိုလက်နဲ့ “ယောင်ပြီးတော့” စမ်းလိုက်မိ သေးတယ် ပြီးမှ လက်ကိုအသာရုပ်လိုက်ပြီး၊ အေးတိ အေးစက် တချက်ပြုံးလိုက်ရင်း တုန်ရှန်ရွှင်းနဲ့ ဟန်ယုယိ တို့ကိုတည်တည်ငြိမ်ငြိမ် နဲ့ ခုလိုပြောလိုက်တယ်။ “ဘာမှကြောက်စရာမလိုဘူး ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ငါတို့ဘယ်နေရာကို ဦးတည်သွားတယ်ဆိုတာ ဖေါ်မပြောကြနဲ့” ရန်သူကလှည်းကိုဝိုင်းမိတော့ မြင်းမောင်းတဲ့ကြာပွတ်တွေနဲ့ သူတို့ သုံးယောက်ကို အရူးအမူး အတောမသတ် ဝိုင်းရိုက်နှက်ကြတယ် ။

ချောအိမန် ကိုဟာရဝင်မြို့ထဲက အချုပ်ခန်းအရောက် အစောင့်အကြပ်နဲ့ ပြန်ပို့တယ်။ ရန်သူက အစွမ်းကုန် ရက်စက် ညှဉ်းပန်းနည်းတွေသုံးပြီး စစ်မေးပေမဲ့ သူမပါးစပ်ကတော့ ”မသိဘူး” ဆိုတဲ့စာသုံးလုံးဘဲ အဖြေရတယ်။ ဒီလိုနဲ့ဘဲ တစ်လသာ ကုန်သွားတယ် ရန်သူကပြောက်ကျားဒေသနဲ့ ပတ်သက်တဲ့သတင်းအစအန သဲလွန်စတစ်ခုမှမရဘူး။ ၁၉၃၆ ခုနှစ်၊ သြဂုတ်လ၊ (၁)ရက်နေ့မှာတော့ ရန်သူဟာ အိမန်ကို ယခင်သူမ အမြဲတန်း လှုပ်ရှားခဲ့တဲ့ စူးဟော်ခရိုင်ကို ကြပ်မတ်ပို့ပြန်တယ်။ စူးဟော်ခရိုင်ကို သွားတဲ့ရထားပေါ်မှာ အိမန်က ရန်သူ့ဆီက ဖေါင်တိန်နဲ့စာရွက် တောင်းယူပြီး သားဖြစ်သူထံပေးဖို့ နောက်ဆုံးမှာတမ်းစာကို ရေးပါတယ်။

 

သားလေး “နီယဉ် ”

အမေဟာ သားလေးကိုသွန်သင်ဆုံးမဖို့ တာဝန်မကျေပွန်နိုင် ခဲ့ဘူးကွယ်။ တကယ့်ကို ဝမ်းနည်းစိတ်ထိခိုက်စရာ ကောင်းတဲ့အချက်ပါပဲ၊ အမေဟာ ဂျပန်ခုခံဆန့်ကျင်ရေးစစ်ပွဲမှာ မလျော့သောဇွဲလုံ့လနဲ့ ပါဝင်ဆင်နွှဲခဲ့တာပါ။ ဒီနေ့ တော့ အမေရဲ့ နောက်ဆုံးအချိန် အသက်စွန့် ရတော့မဲ့အကြိုကာလကို ရောက်နေပြီပေါ့။

အမေနဲ့သားဟာ ရှေ့မှာဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူးကွယ်။ သားလေးနီယဉ်ရေ သားလေး အလျင်အမြန် လူလားမြောက်လာပြီး မြေလွှာအောက်က အမေ့ကို လာရောက်နှစ်သိမ့်ပေးဖို့ အမေက မျှော်လင့်နေတယ်လေ၊ အမေရဲ့အချစ်ဆုံး သားလေးရေ အမေကတော့ အထောင်အသောင်းသော စကားလုံးတွေနဲ့ သားဆီကိုလာပြီး ဆုံးမသွန်သင်နိုင်မှာ မဟုတ်တော့ဘူးကွယ်။ လက်တွေ့ဘဝ ဖြတ်သန်းမှုတွေကသာ သားကိုသင်ကြားပေးပါလိမ့်မယ်။

သားလေး လူလားမြောက် ကြီးပြင်းလာတဲ့အခါ သားရဲ့မိခင်ဟာ တိုင်းပြည်အတွက် အသက်စွန့်သွားတယ် ဆိုတာ လုံးဝ မမေ့ပါနဲ့ကွယ်။

မင်းရဲ့မိခင် ချောအိမန် ။

၁၉၃၆ ခုနှစ်၊ သြဂုတ်လ၊ (၂) ရက်နေ့မှာ ရန်သူက ချောအိမန်ကို မြင်းလှည်းပေါ်ဆွဲတင်ချည်နှောင်ပြီး သူမကို လူသိများတဲ့နေရာတွေမှာလမ်းတ ကာလှည့်ပြီးပြတယ်။ စူးဟော်ခရိုင်ရဲ့ မြောက်ဘက်တံခါးဝကို ရောက်တဲ့အချိန်မှာ၊ “ မင်းဘာပြောစရာရှိသေးသလဲ ” လို့ ရန်သူကမေးတော့ ချောအိမန်က စိတ်အားတက်ကြွ အားမန်ပြည့်လျှမ်းစွာနဲ့ ခုလို ဟစ်အော်ကြွေးကြော်လိုက်တယ်။

ဂျပန်ခုခံဆန့်ကျင်ရေးစစ်ပွဲအတွက်သေရတာ မြင့်မြတ်ဂုဏ်ပြောင်တယ်ဟေ့ ”ဂျပန်နယ်ချဲ့ ဝါဒ ကျဆုံးပါစေ

တရုတ်ပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။ ဝန်းကျင်တခွင်လုံး ပဲ့တင်သံများ ဟိန်းညံလို့သွားတော့တယ်

မရှေးမနှောင်းမှာပဲ စူးဟော်ခရိုင် (ကျန်းရှင်းစစ်)ခရိုင်ရဲ့ မြောက်ဘက်တံခါးပေါက်ငယ်ဘက်မှ၊ ရန်သူရဲ့သေနတ်သံ တချို့ ထွက်ပေါ်လာတော့တယ်။ ပစ္စည်းမဲ့လူတန်းစား ရှေ့တန်းရောက်စစ်သည်တော်၊ ဂျပန်ခုခံ ဆန့်ကျင်ရေး အမျိုးသမီးသူရဲကောင်း၊ချောအိမန် ”တယောက် သူရဲကောင်းပီသစွာ အသက်စွန့်သွားခဲ့ လေပြီ။

ချောအိမန်ရဲ့ ဇာတိ စစ်ချွမ်းပြည်နယ်၊ ယီပင်းခရိုင်မှာ သူမအတွက် အမှတ်တရ ပြတိုက်တစ်ခု တည်ဆောက် ထားပါတယ်။ ပြည်သူတွေက ဇွဲသတ္တိနဲ့ပြည့်စုံတဲ့ ပစ္စည်းမဲ့လူတန်းစားစစ်သည်တော် ချောအိမန်ကို အမြဲထာဝရ နှလုံးအိမ်ထဲမှ သတိရနေကြမှာပါ။

ကျောက်ယွီချိန် ရေးတဲ့ “သူရဲကောင်းများ (တရုတ်ဘာသာ)စာအုပ်မှထုတ်နှုတ်ဘာသာပြန်သည်။

ဘာသာပြန်သူ ဖိုးနီ


Sunday, September 8, 2024

ရှင်နာဝပ်အစီအမံနဲ့ ထိုင်းစစ်တပ်သင့်မြတ်ရေး



နိဒါန်း

ထိုင်းနိုင်ငံရေးလောကမှာ ဩဇာအရှိန်အဟုန်ရော လူအကြိုက်အများဆုံးရော ဖြစ်ခဲ့တဲ့ ရှင်နာဝပ် မိသားစုဟာ ဆိုရင် အခုဆိုရင် သက်ဆင်ရှင်နာဝပ်သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်က အသက်ငယ်အဆုံးနဲ့ ထိုင်းဝန်ကြီးချုပ်နေရာကို ရယူသွားခဲ့ပါတယ်။ ရှင်နာဝပ် မိသားစုဟာဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အတော်လေး အောင်မြင်နေ တာဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်တွေက ကျဆင်းနေတဲ့ အနေအထားမှာရှိနေပြီး မတည်ငြိမ်း သေးတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ဟာ ထိုင်နိုင်ငံရဲ့ စီးပွားရေးနဲ့ တည်ငြိမ်းမှု တွေကို ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကတော့ ပေထုံတန်ရဲ့ ထိုင်းနိုင်ငံပေါ်မှာ ထားတဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ အများကြီးသက်ဆိုင်နေပါလိမ့်မယ်။ ယခင်က ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ အဖေဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့က ဘယ်လိုပုံစံတွေနဲ့ ထိုင်းနိုင်ငံနဲ့ပေထုံတန်ရဲ့ အပေါ်မှာပါ လွှမ်းမိုးသွားမလဲဆိုတာကလည်း ထိုင်း လူထုတွေက စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။

သက်ဆင်ရှင်နာဝပ် အကြောင်း

ဒီတော့ နောက်ကြောင်းကို ပြန်ကြောက်ရမယ်ဆိုရင် သက်ဆင်ရှင်နာဝပ်ဆိုသူဟာ ထိုင်းနိုင်ငံတွင် (Advanced Info Service) မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အအောင်မြင်ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပါတယ်။ သက်ဆင်ဟာ ၁၉၉၄ ခုနှစ်က နိုင်ငံရေးလောက်ကထဲ စတင်ဝင်ရောက်ခဲ့ပြီးတော့ ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့ပါတယ်။ သက်ဆင်ရှင်နာဝပ်ဟာ ထိုင်နိုင်ငံမှာ ငွေကြေးချမ်းသာသူ လည်းဖြစ်၊ ဝန်ကြီးချုပ်လည်း ဖြစ်လာတော့ အတော်လေးကို ရေးပန်းစားတဲ့ လူတဦးဖြစ်လာပါတယ်။ သက်ဆင် ဝန်ကြီးချုပ်ဖြစ်ချိန် ထိုင်နိုင်ငံရဲ့ စီးပွားရေးတွေကောင်းခဲ့ပြီး ပြည်သူဆင်းရဲမှုတွေကို လျော့ချနိုင်ခဲ့တဲ့အတွက် လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့်လို့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ငွေကြေးတက်နိုင်တဲ့ သူကအာဏာရှိနိုင်ပေမယ့်လို့ စစ်တပ်ကိုတော့ ငွေနဲ့အာဏာယူလို့မရပါဘူး။ ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က နိုင်ငံကိုစစ်အာဏာသိမ်း လိုက်ပါတော့တယ်။ သက်ဆင်ရှင်လည်း ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။

သက်ဆင်ထွက်ပြေးရသည့်အကြောင်း

၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းချိန်မှာ သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်အစိုးရအဖွဲ့လည်း ပြုတ်ထွက် သွားပြီးနောက် သက်ဆင်ကို အမှု (၄) မှုနဲ့ တရားစွဲခဲ့ပါတယ်။ အဲ့ဒီအမှုတွေကတော့ ၂၀၀၄ ခုနှစ်မှာ ပို့ကုန်-သွင်းကုန် ကဆင့် မြန်မာနိုင်ငံကို ငွေကြေး ၄ ဘီလျှံအထိချေးပေခဲ့ပါတယ်။ ရာထူးအာဏာကို အလွဲသုံးစားမှုတွေအပြင် ၂ လုံးထီ နဲ့ ၃ လုံးထီကို စတင်ဖို့လုပ်ခဲ့တာတွေလည်း ပါရှိပါတယ်။ နောက်တချက်က ရှင်နာဝပ် မိသားစုပိုင်တဲ့ ထုတ်ကုန်တွေ ကို ပြည်သူတွေ သုံးစွဲနိုင်အောင် အတိုးနည်းနည်းနဲ့ ချေးပေးမှု စတဲ့အချက်တွေနဲ့ တရားစွဲခဲ့ပါတယ်။ ဒီလို အမှုတွေကို သက်ဆင်က ရင်မဆိုင်ဘဲ ၂၀၀၈ ခုနှစ်မှာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို သက်ဆင်က လွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး နိုင်ငံရဲ့ ဘဏ္ဍာငွေတွေ ထိခိုက်လာတဲ့အတွက် အခုလို စစ်တပ်က အာဏာသိမ်း တာ အပြင် တရားစွဲဖို့လုပ်တာလို့ မှက်ချက်ပြုလို့ရပါတယ်။

ယင်လပ် ရှင်နာဝပ်အကြောင်း

ယင်လပ်ရှင်နာဝပ်ဟာ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လုပ်ငန်းတွေကို ဦးဆောင်ပြီး စီးပွားရေးမှာ နာမေကြီးတဲ့ ယင်လပ်ဟာ ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အနိုင်ရခဲ့ပါတယ်။ ယင်လပ်ဟာ  နိုင်ငံရေးထက် စီးပွားရေးကို အလွန်စိတ်အားထက်သန်သူတဦးဖြစ်ပါတယ်။ ယင်လပ်မှာ ထိုင်းဝန်ကြီးချုပ်နေရာကို သက်တမ်းပြည့် ထမ်းဆောင်ခဲ့ရသူတယောက်မဟုတ်ပေ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ အရောက်မှာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး ယင်လပ်အား တရားရင်ဆိုင်စေခဲ့ပါတယ်။ ယင်းလပ်ရှင်နာဝပ်ဟာ ဆန်အမတော်ကြေးအစီအစဉ် မအောင်မြင်သည့်အတွက် အပြစ်ဒဏ်ခံရန်ရှိသော်လည်း ယင်လပ်ဟာ ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွား ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ယင်လပ် ပြည်ပထွက်ပြေးချိန်မှာတောင် ဖမ်းဝရမ်းတွေလည်း ထုတ်ခဲ့ပါသေးတယ်။

ပေထုံတန် ရှင်နာဝပ် အာဏာရလာချိန်

ပေထုံတန်ရှင်နာဝပ် ဟာယခင် သက်ဆင်ရှင်နာဝပ်ရဲ့ သမီးတဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ MFP ပါတီဟာဆိုရင် ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားတာကြောင့် ပါတီဖျက်ဆီးခံလိုက် ရပါတယ်။ အဲ့ဒီနောက်မှာ ဒုတိယမဲအများဆုံးအနိုင်ရတဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် ဆရတ်သာကို ရွေးချယ်ခဲ့ ပါတယ်။ ဒါပေမယ့်လို့ ဆရတ်သာဟာ ဝန်ကြီးချုပ်နေရာကို ကျင့်ဝတ်ဖောက်ဖျက်မှုပုဒ်မတွေကြောင့် ရာထူးမှ နှုတ်ထွက် သွားခဲ့ရပြန်ပါတယ်။ ဒါနဲ့ ပေထုံတန်ဟာ ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ခံရသူဖြစ်လာပါတော့တယ်။ ပေထုံတန် ဝန်ကြီးချုပ်ဖြစ်လာတာဟာ တိုက်ဆိုင်မှုတွေအများကြီးရှိခဲ့ပါတယ်။ ပေထုံတန် ဝန်ကြီးချုပ်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ MFP ပါတီဟာ ဆိုရင်လည်း ပါတီဖျက်သိမ်းရတဲ့အပြင် ပါတီခေါင်းဆောင်တွေပါ နိုင်ငံရေးလောကနေ ၁၀ နှစ်အထိ တားမြစ်ခံလိုက်ပါ တယ်။ နောက်ထပ် သူမရဲ့ ပါတီကပဲ ဝန်ကြီးချုပ်ရာထူးယူထားတဲ့ ဆရတ်သာဟာလည်း ပြစ်မှုတွေနဲ့ နှုတ်ထွက်ပေးခဲ့ရပါတယ်။ ဒါတွေက ပေထုံတန် ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် အရင်းအနှီးတွေပြောရင်လည်း မှားမယ်မထင်ပါဘူး။

သက်ဆင်ပြည်တော် ပြန်ဝင်ချိန်

၁၅ နှစ်ကြာပြည်ဘဝဖြစ်ခဲ့တာ သက်ဆင်ရှင်နာဝပ်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ၊ ဖွေထိုင်းပါတီတို့ မဲအနိုင်ရချိန်မှာ ထိုင်းနိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာပါတယ်။ သူပြန်လည်ရောက်ချိန်မှာ ထိုင်းတရားရုံးက ထောင် (၈) နှစ်ကျခံရန် အတွက် အမိန့်ချမှတ်ခဲ့သော်လည်း သက်ဆင်ဟာ ကျန်းမာရေးကိုအကြောင်းပြပြီးတော့ ဆေးရုံတက်ပြပါတော့တယ်။ ထိုင်းစစ်တပ်ကလည်း သက်ဆင်ပြန်လာတာကို ကြိုဆိုခဲ့ပြီး ပြန်လည်သင့်မြတ်ရေးလုပ်မယ်လို့‌လည်း ပြောကြားခဲ့ ပါတယ်။ အဲ့ဒီနောက် သက်ဆင်ကို ထိုင်းဘုရင်က သက်ဆင်ကျခံရမယ့် ထောင်ဒဏ်တွေအတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တချိန်လုံးအာဏာသိမ်းလာတဲ့ စစ်တပ်က သက်ဆင်ပြန်လာချိန် ကြိုဆိုခဲ့ပြီးတော့ သက်ဆင်းရဲ့ သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ကိုလည်း ဝန်ကြီးချုပ်အဖြစ်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေးအရ ရော နိုင်ငံရေးအရပါ အရှိန်ဩဇာကြီးမားတဲ့ ရှင်နာဝပ်မိသားစုနဲ့ ထိုင်းစစ်တပ်တို့ ဘယ်အထိသင့်မြတ်နိုင်မလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

နိဂုံးချုပ်

သက်ဆင်နဲ့ ထိုင်းစစ်တပ်ဟာ သင့်မြတ်ရေးအတွက် နားလည်ထားမှုရှိနေချိန်မှာ ပေထုံတန် ဝန်ကြီးချုပ်က လွှတ်တော် အစိုးရသစ်ဖွဲ့တဲ့အထဲမှာ ထိုင်းစစ်တပ်ရဲ့ပါတီအားလုံးချန်လှပ်ထားခဲ့ပါတယ်။ ဒီလိုချန်လှပ်ခံရခြင်းဟာ ထိုင်းစစ်တပ် အတွက်အနာကို ဒုတ်နဲ့ ထိုးဆွလိုက်သလိုပါပဲ။ နောက်တချက်က သက်ဆင်ဟာ မြန်မာ စစ်တပ်နဲ့ အတိုက်အခံတော်လှန်ရေးတပ်တွေအကြားမှာ ငြိမ်းချမ်းပွဲစားလိုလိုနဲ့ ကြားဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ယခင် မြန်မာနိုင်ငံကို ၄ ဘီလျှံငွေချေးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့်လို့ ယခုချိန်မှာလည်း သက်ဆင်ဟာ ထိုင်းနိုင်ငံစစ်တပ် ရဲ့ ခွင့်ပြုချက်မရှိဘဲ သူရဲ့ သဘောနဲ့ လုပ်ဆောင်နေပါတယ်။ အခြားတဖက်မှာ ပေထုံတန်က နိုင်ငံရေးထက် စီးပွားရေး ကို စိတ်အားထက်သန်သူဖြစ်ပြီး ဝန်ကြီးချုပ်နေရာကိုရွေးချယ်ခံလိုက်ရတာဟာ သူ့အတွက်ကြိုးဆွဲရာကရမယ့် ပုံစံ‌ တွေမြင်တွေ့နေရပါတယ်။ ထိုင်းနိုင်ငံရေးဇာတ်ခုံမှာ ရှင်နာဝပ်မိသားစုက စစ်တပ်ကိုချန်လှပ်ခဲ့မယ်ဆိုရင် နောက်ထပ် အာဏာသိမ်းမှုပုံစံတွေကတော့ တွေ့မြင်ကောင်းမြင်လာရနိုင်ပါတယ်။ သက်ဆင်လိုနိုင်ငံရေးကို ငွေကြေးတွေပုံအော သုံးပြီး လုပ်ချင်သလိုလုပ်မယ့်ဆိုတဲ့ အတွေးနဲ့ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုတွေက သင့်မြတ်ရေးကိုတကယ်ပဲ ဦးတည်နိုင်မလားဆိုတာ wait & See ပါခင်ဗျာ။

 

 

 

 

 

 

 

Saturday, September 7, 2024

ရခိုင်မှာ စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်နှင့် သွားလာခွင့်ကို လုံးဝပိတ်ပင်လာ



ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ, ကျောက်ဖြူ နှင့် ဂွ ဘက်ကို ကုန်စည်သယ်ယူခွင့်တွေကို ယခင် ကထက်ပိုပြီး လုံခြုံရေးတင်ကျပ်မှုတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေသောကြောင့် ဒေသခံတွေကြား စားဝတ်နေရေး အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါသည်။

ရခိုင်တွင် တိုက်ပွဲစဖြစ်သည့်အချိန်မှစ၍ စစ်ကောင်စီက စစ်တွေမြို့ကို ခရီးသွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင် ခွင့်တွေ ကန့်သတ်ထားပါသည်။ ထို့နောက် လမ်းတံတားတွေကို မိုင်းခွဲဖျက်စီးတာတွေ, ကုန်လမ်းရေလမ်း ပိတ်တာ တွေ, ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်တာတွေ, စစ်တွေ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ် တာတွေနဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေကို ပေါ်ပေါ်တင်တင်ကျူးလွန်လာခဲ့ပါသည်။ ယခု စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကို ခြံစည်းရိုးခတ်ရန် စစ်ကောင်စီက ပြင်ဆင်နေတာကိုလည်း တွေ့ရပါသည်။

မေလ (၂၉) ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာသားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ဩဂုတ်လ (၃၀) ရက်နေ့မှာ ဖမ်းဆီခံထားရသည့် ဗျိုင်းဖြူရွာသား (၁၄၁) ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ထောင်ချခဲ့ပြီး, စက်တင်ဘာ (၆) ရက်နေ့မှာ ထပ်မံ၍ (၉၃) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ ပါသည်။

စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ဖို့အတွက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ် ဂွမြို့ကအဝင် အထွက်လမ်းတွေကိုလည်း  ဩဂုတ်လ ၂၇ ရက်ကစပြီး ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်လျက်ရှိတဲ့ ဂွမြို့မှာလည်း ဧရာဝတီတိုင်းဘက်မှ ကုန်စည်သယ်ယူခွင့်တွေကို လုံးဝပိတ်ပင် လိုက်ပါသည်။ ထိုသို့ ပိတ်လိုက်ခြင်းကြောင့် ဂွမြို့တွင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေပြတ်လပ်နေပြီး ထမင်း ချက်ရန် ဆန်တောင် ဝယ်ရခက်နေသည်ဟု ဒေသခံတဦးဆီမှ သိရှိရပါသည်။ ယခုလို ပိတ်လိုက်ခြင်းဟာ ကုန်စည်တွေ သာမက လူသွားလာခွင့်တွေကို ပိတ်လိုက်တာလို့ သိရှိရပါသည်။

ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းပိုင်တွေအားလုံးကို ဖြတ်တောက် ထားတာဖြစ်ပြီး အစပိုင်းတွင် စစ်ကောင်စီကို ငွေလာဘ်ထိုး၍ သွားလာလို့ရသော်လည်း ယခုဆိုလျင် စစ်ကောင်စီ လက်အောက်ခံများကလွဲ၍ မည်သူမှသွားလာခွင့်မရတော့ကြောင့် ဂွဒေသခံတဦးထံမှ သိရှိရပါသည်။

Friday, August 30, 2024

ခဲ တလုံးနဲ့ ငှက်နှစ်ပစ်ဖို့ကြိုးစားနေတဲ့ တရုတ်

 

တရုတ်က TNLA ကိုသတိပေးခြိမ်းခြောက်စာ





ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူတိုက်ပွဲဆင်လာတဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို တရုတ်က စစ်ပွဲတွေချက်ချင်းရပ်တန့်ဖို့ ဖိအားပေးလာတာမျိုးကိုတွေ့ရပါတယ်။ ဩဂတ်(စ်)လ ၂၉ နေ့စွဲနဲ့ တရုတ်-မြန်မာနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်တပ်ဟာ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီ၏ ပေးပို့စာအမည်နဲ့ တရုတ်ပြည်နယ်စပ်ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားအသက်ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိစစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောက်ရွက်ရမည်။ သို့မဟုတ်ပါက တရုတ်ဘက်မှ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင် မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်ဟု ခြိမ်းခြောက်ရေးသားထားတဲ့ စာကို TNLA ထံပို့ခဲ့ကြောင်း သတင်းပျံ့နှံမှုတွေဖြစ်လာခဲ့ပါတယ်။

TNLA ဟာဆိုရင် ၁၀၂၇ စစ်ဆင်ရေးအပိုင်းတွေ မှာ မြောက်ပိုင်းညီနောင် (၃) ဖွဲ့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ မန္တလေး MDY-PDF စတဲ့ စစ်ကောင်စီကိုတော်လှန်တဲ့ အင်အားစုတွေနဲ့ ရွက်ရွက်ချွန်ချွန် တိုက်ပွဲဝင်ခဲ့တာကိုတွေ့ရပါတယ်။

တရုတ်အနေနဲ့ မြောက်ပိုင်း(၃) ဖွဲ့ရဲ့ စစ်ရေးကစားနေပုံ စစ်ကောင်စီအပေါ်မှာလည်း ဘယ်လိုကူညီပေးနေပုံ နှစ်ဖက်ပုံစံနဲ့ နိုင်ငံရေးကစားကွက်တွေကို ကျွန်တော်အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ အခုလို စစ်ကောင်စီကိုတိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဆီကို ခြိမ်းခြောက်တဲ့ပုံစံတွေနဲ့ စာပို့လာမယ်လို့ ထင်မထားခဲ့ပါဘူး။

စစ်အာဏာရှင်အမြစ်ပြုတ်ဖို့အတွက် တိုက်နေကြတဲ့ တော်လှန်ရေးအင်အားစုကို ဒီလိုခြိမ်း ခြောက်တဲ့ စာပို့လာတာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အင်အားစုတွေအားလုံးကို စော်ကားလိုက်တာနဲ့ တူတူပါပဲ။ စစ်ကောင်စီကလည်း တရုတ်ကို မြန်မာနိုင်ငံက သယံဇာတတွေနဲ့ လာဘ်ထိုးတယ်။ ပြီးတော့ မြောက်ပိုင်း (၃) ရဲ့နိုင်ငံရေးစံတွေကို ပြောင်းလဲခိုင်းတယ်။

တရုတ်ကလည်း မြန်မာနိုင်ငံကရတဲ့ သယံဇာတအကျိုး အမြတ်တွေကို ဈေးပေါပေါနဲ့ ရသမျှကိုနှိုက်ယူချင်တယ်။ ပြီးတော့ စစ်ကောင်စီကို သူတို့ရဲ့ဩဇာအောက်မှာ ရောက်လာအောင် အစတုန်းက ရှမ်းမြောက်တိုက်ပွဲတွေနဲ့ အကျပ်ကိုင်ခဲ့တယ်။ ဆိုတော့ တရုတ်က မြန်မာနိုင်ငံရှိ တဲ့ တော်လှန်ရေးအင်အားစုတွေကို ချုပ်ကိုင်ဖို့ကြိုးစားလာနေတယ်ဆိုတာ အခုဆိုရင် ပိုလို့တောင် ပုံပေါ်လာပါပြီ။

TNLA လို လက်နက်အင်အား လူအင်အားအရင်းအမြစ်ရှိတဲ့ တပ်ဖွဲ့တခုကို အခုလိုစာပို့ဖိအားပေးလာတာဟာ တကယ်ကို ယုတ္တိမတန်တဲ့ လုပ်ရပ်တခုဖြစ်ပေမယ့်လို့ အံ့ဩစရာတခုလည်းဖြစ်ပါတယ်။ TNLA ဘက်က အခုချိန် ဘာတုံ့ပြန်မှုမှမရှိသေးပေမယ့် TNLA အနေနဲ့ တရုတ်ပြောတဲ့ စကားကိုနားထောင်မလား စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူတွေဘက်က တော်လှန်ရေးလက်ကိုင်တခုအနေနဲ့ ရပ်တည်မလားဆိုတာကတော့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အခင်းအကျင်းတခုဖြစ်ပါတယ်။ တရုတ်က စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်တွေကြားမှာ ငြိမ်းချမ်းရေးပွဲစားလိုလိုဘာလိုလိုနဲ့ သူတို့ရဲ့ဩဇာလွှမ်းမိုးဖို့ အကွက်တွေရွေ့နေတာလည်း ဖြစ်ပါတယ်။

၁၀၂၇ ဒုတိယပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကျောက်မဲ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားသလို MNDAA ကလည်း လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် တခုလုံးကိုသိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီသမိုင်းမှာ စစ်တိုင်းဌာနချုပ်တခုလုံး ကျဆုံးတာဟာ တကယ့်ကိုသမိုင်းဆိုးတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ MNDAA နဲ့လည်း နည်းနည်းဆက်စပ်ပြောချင်ပါတယ်။

MNDAA နဲ့ စစ်ကောင်စီတို့ လျှိုဝျက်ဆွေးနွေးထားချက် လည်းရှိတယ်လို့ သိရပါတယ်။ MNDAA က လားရှိုးကိုစစ်ကောင်စီကိုပြန်ပေးမယ် ပြီးရင် ကိုးကန့်ကို တိုင်းရင်းသား အဖြစ်အသိအမှတ်ပြုခိုင်မယ် ဝ တို့ပုံစံလိုမျိုး လောက်ကိုင်ကနေ ကွမ်းလုံအထိကို အုပ်ချုပ်မယ် နယ်စပ်အသိ အမှတ်ပြုမှုအတွက် စစ်ကောင်စီက ပြန်ပြီးအလံထောင်လို့ရတယ်ဆိုပြ အွန်လှိုင်းသတင်းတွေအရ ဖတ်ရပါတယ်။ ဒါပေမယ့် အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လာရှိုးမှာ MNDAA ရဲ့အလံနဲ့အတူ မြန်မာအလံကို အတူထောင်ထားတဲ့အကြောင်းကို ဒီနေ့မှာ ဖတ်လိုက်ပါတယ်။ ဆိုတော့ ဒါတွေက တကယ်ကို တိုက်ဆိုင်လာပါ တယ်။

နောက်တချက်က စစ်ကောင်စီရဲ့ လားရှိုးတိုင်းစစ်ဌာနချုပ်ကျပြီးနောက် တရုတ်ကို ပိုပြီးအပူအပြင်းကပ်လာတာ ကိုတွေ့ရပါတယ်။ တရုတ်ကို သိန်းစိန်လွှတ်လိုက်၊ စိုးဝင်ကိုလွှတ်လိုက် သန်ရွှေနဲ့ တွေ့ခိုင်းလိုက်နဲ့ သောကတွေ တော်တော်ရောက်နေပုံရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအထိကို ဆင်လာတဲ့အနေအထား ဖြစ်ပါတယ်။ တရုတ်က စစ်ကောင်စီကိုပဲ ဆွေးနွေးတာမဟုတ်ပါဘူး။ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတွေကို တရုတ်နိုင်ငံထိခေါ်ပြီးတော့ မက်လုံးတွေနဲ့ ညွန်ကြားချက်တွေပေးလိုက်ပုံရပါတယ်။ ပြီးတော့ တရုတ်က မြန်မာအရေးကို အာဆီယံအထိပါ တက်ပြီးတော့ ပြောခဲ့ပါသေးတယ်။

ဆိုတော့ အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် တရုတ်က TNLA ကို စစ်ပွဲရပ်တန့်ဖို့အခုလို ခြိမ်းခြောက်လာတာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အင်အားစုတွေအားလုံးကို သတိပေးလိုက်တာနဲ့တူတယ်ဆိုတာ သိထားဖို့လိုပါတယ်။ တရုတ်က ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ တရုတ်ရဲ့ လုပ်ကွက်တွေက မြန်မာပြည်က အကျိုးစီးပွားတွေကိုသာ သူတို့က မဟာဗျူဟာအရ ဆွဲထားတာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကိုပါ ထိန်းချုပ် နိုင်ဖို့ မဟာဗျူဟာအရကြိုးပမ်းလာတာဖြစ်ပါတယ်။ ဒါတွေကို တော်လှန်ပြည်သူတွေ သိဖို့လိုပါတယ်။ ကျွန်တော် တို့တော်လှန်ပြည်သူတွေက စစ်ကောင်စီကိုပဲ တိုက်နေလို့မရပါဘူး ပြည်ပဝင်လာတဲ့ စွက်ဖက်မှုတွေကိုပါ တော်လှန်ပြည်သူတွေ အင်အားစုတွေက အချိတ်အဆတ်မိမိနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ စွက်ဖက် တာတွေကို ထိုင်ကြည့်နေကြမယ်ဆိုရင် စစ်ကောင်စီက ပိုပြီးသက်ဆိုးရှည်လာနိုင်တယ်ဆိုတာကို သတိပေးလိုက် ရပါတယ်။


စောမြတ်သွီး ရေးသည်။

Wednesday, August 21, 2024

ထိုင်းတရားရေးကဏ္ဍ ပြောင်းလဲဖို့လိုကြောင်း MFP ပါတီခေါင်းဆောင် ဖိထာ ပြော

 


ထိုင်းနိုင်ငံရဲ့ အခင်းအကျင်းဟာဆိုရင် ဆယ်စုနှစ်တွေကြာအောင်ကို နိုင်ငံရေးရှုပ်ထွေးလှပြီး အများအမြင်မှာ ပြောင်းလဲတယ်လို့ ထင်ရပေမယ့်လဲ တရားစီရင်ရေးကို ပြင်ပအဖွဲ့အစည်းတွေက ဝင်ရောက်နှောက်ယှက်နေတာ ကြောင့် ဒီမိုကရေစီအင်အားစုပါတီတွေနဲ့ စစ်တပ်ဩဇာခံအဖွဲ့တွေကြား အပြိုင်အဆိုင်တွေဖြစ်နေပြီး တရားစီရင် ဆုံးဖြတ်တဲ့နေရာမှာ တဝဲလည်လည်ဖြစ်နေတာကြောင့် လူထုအတွက် အကျိုးမရှိ နဂိုနေရာတိုင်းပဲ ပြန်ရောက် နေတယ်လို့ MFP ပါတီခေါင်းဆောင် ဖိထာ က ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

MFP ပါတီခေါင်းဆောင် ဖိထာက ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ မဲဆွယ်စည်းရုံးခဲ့တာကြောင့် ထိုင်းတရား ရုံးက MFP ပါတီ ဖျက်သိမ်းခံရပြီး ပါတီခေါင်းဆောင်အများစုဟာဆိုရင် နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်အထိ ပိတ်ခံထား ရပါတယ်။ ဒါပေမယ့် MFP ပါတီနဲ့ ခေါင်းဆောင် ဖိထာဟာ သူရဲ့နိုင်ငံရေးခံယူချက် ပြောင်းလဲမသွားဘဲ ပါတီကိုပုံစံ တမျိုးနဲ့ နာမေပြောင်းကာ အခြားခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။

ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာဟာဆိုရင် စစ်တပ်ထောက်ခံသူတွေနဲ့ နောက်မြီးဆွဲသမားတွေက အာဏာလွှမ်းမိုးထား ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေပါတယ်။ စစ်တပ်ထောက်ခံတဲ့ပါတီတွေနဲ့ လူတွေက ထိုင်းနိုင်ငံမှာ အာဏာရလာ တာကြောင့် ထိုင်းတရားရေးမဏ္ဍိုင်ဟာ ပြောင်းလဲဖို့လိုလာတာဖြစ်ပါတယ်။

ထိုင်နိုင်ငံရဲ့ ဝန်ကြီးချုပ် Srettha Thavisin ဟာဆိုရင်လည်း ရာထူးကဖယ်ရှားခံခဲ့ပြီးနောက် ဖွေထိုင်းပါတီ ကလည်းဖြစ် ထိုင်းနိုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့ သက်ဆင်သမီးလည်းဖြစ်သူ ပေထုံတန်ဟာ ဝန်ကြီးချုပ်နေရာကို ရယူခဲ့ပါတယ်။ တဆက်တည်းမှာပဲ သက်ဆင်ဟာဆိုရင် ပြစ်ဒဏ်ကျခံနေရတဲ့အချိန်မှာပဲ ထိုင်းဘုရင်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သောင်းသောင်းဖြာဖြာ မဲအများဆုံးအနိုင်ရခဲ့ MFP ပါတီဟာဆိုရင် နိုင်ငံအတွင်းအစိုရဖွဲ့ခွင့်မရဘဲ ထိုင်းဘုရင်စနစ်ဝေဖန်ပြောဆိုတာကြောင့် ပါတီပါဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံတွင်းက နိုင်ငံရေးရပ်တည်ချက်နဲ့ အမြော်အမြင်ရှိတဲ့ လူငယ်တယောက်ရဲ့ လုပ်နိုင်စွမ်းတွေကို တရာဥပဒေတွေနဲ့ ပိတ်ပင် လိုက်တာလည်းဖြစ်ပါတယ်။

MFP ပါတီ ဖျက်သိမ်းခံရတာ ဖိထာ နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံရတာ၊ ဝန်ကြီးချုပ် Srettha Thavisin ရာထူးဖယ်ရှား ခံရတာနဲ့ ပေထုံတန် ဝန်ကြီးချုပ်ဖြစ်တာ ပြီးနောက် ထိုင်းဘုရင်အမိန့်နဲ့ ပေထုံတန်ဖခင် သက်ဆင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရတာတွေဟာဆိုရင် အချိန်သိပ်မကွာခဲ့ပါဘူး။ အချိန်နဲ့တပြေးညီ အကွက်ကျကျ ထိုင်းနိုင်ငံ ရေးလောက ဟာပြောင်းလဲခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ပြည်သူရွေးချယ်လိုက်တဲ့ အနိုင်ရပါတီနဲ့ စစ်တပ် ဘုရင်စနစ်ကြား ဩဇာခံသူတွေဟာဆိုရင် ဆန့်ကျင့်မှုတွေဖြစ်ခဲ့ပြီး အာဏာသိမ်းမှုတွေလည်း ကြုံခဲ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ထိုင်းတရာဥပဒေနဲ့ ပြည်သူတွေဟာဆိုရင် တရားမျှတမှုမရှိဖြစ်နေပါ တယ်။

MFP ပါတီခေါင်းဆောင် ဖိထာ နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံရပေမယ့် နိုင်ငံအတွင်းပြုပြင်ပြောင်းလဲရေးတွေမှာ ကြိုးစားအားထုတ်သွားမှာဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 


မျောက်ကျောက်ရောဂါကူးစက်မှု အရှေ့တောင်အာရှအထိပြန့်နှံ့လာ

 


အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံတွင် M Pox ရောဂါ စတင်ဖြစ် ပွားခဲ့ပြီးနောက် အာဖရိကတိုက်ရှိ အခြားသော နိုင်ငံများ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန်ဒါ စသည့်နိုင်ငံအများစုတွင်လည်း ကူးစက်ပျံ့နှံ့ လာကာ ယခုဆိုရင် အရှေ့တောင်အာရှနိုင်ငံထဲအထိ ကူးစက်ပျံ့နှံ့လာသည်ကို တွေ့မြင်ရပါသည်။ နောက်ဆုံး ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတကာ၏ စိုးရိမ်စရာအဖြစ် "ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  မှ သြဂတ်(စ်) လ (၁၄) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။


မျောက်ကျောက်ရောဂါတွင် အမျိုးအစားအဖြစ် Clade 1 နှင့် Clade 2 ဟု နှစ်မျိုးရှိပြီး အသက်ရူလမ်းကြောင်းမှ တဆင့်ကူးစက်နိုင်သလို၊ လိင် မှတဆင့်လည်း ကူးစက်နိုင်ပါသည်။ Mpox ရောဂါသည် ကူးစက်နှုန်းမြင့်တက်လျက် ရှိပြီး သေဆုံးသွားသည်အထိရှိသည်ဟု WHO ၏ထုတ်ပြန်ချက်များအရ သိရှိရပါသည်။


Mpox ရောဂါကူးစက်ခံရသူများသည် အရေပြားတွင် အနီကွက်များ တဖြေးဖြေးထွက်လာပြီး ခန္ဓာကိုယ်တခုလုံး ပြန့်နှံ့သွားခြင်း၊ ကြွက်သားများနာခြင်း၊ ငှက်ဖျားကဲ့သို့ အဖျားတက်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ပြည်တည်နာကဲ့သို့ အနာများဖြစ်ပွားလေ့ရှိပါသည်။ ထို့ကြောင့် ရောဂါကူးစက်ခြင်းမရှိသူများသည် လက်ဆေးခြင်း၊ Mask တပ်ခြင်းတို့ ပြုလုပ်သင့်ပြီး ကူးစက်ခံရသူများနှင့်လည်း တိုက်ရိုက်ထိတွေ့ခြင်းများကိုလည်း ရှောင်ရှားရမည်ဖြစ်ပါသည်။


ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကမ္ဘာ့နိုင်ငံ ၁၁၆ နိုင်ငံ တွင် မျောက်ကျောက်ရောဂါ ဖြစ်ခဲ့သူ လူနာ ၉၉၀၀၀ ဦးရှိခဲ့ပြီး သေဆုံးသွားခဲ့သူ ၂၀၈ ဦးရှိကြောင်းလည်း သိရှိရပါ သည်။


ယခုအရှေ့တောင်အာရှနိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်လာနေပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၈၈ ဦး၊ ဗီယက်နမ်တွင် ၄၆ ဦး၊ စင်္ကာပူတွင် ၁၀ ဦး၊ ဖိလစ်ပိုင်တွင် ၁ ဦးနှင့် ထိုင်းနိုင်ငံတွင် ဩဂတ်(စ်)လ (၁၉) ရက်နေ့ နောက်ဆုံးရ လူနာ ၁၀၀ ဦးထိရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ တွေ့ရပါသည်။ မြန်မာနိုင်ငံ အတွင်း မျောက်ကျောက်ရောဂါ ကူးစက်သည့် လူနာမရှိသေးကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။


မျောက်ကျောက်ရောဂါသည် နိုင်ငံတကာစိုးရိမ်မှုအဆင့်ထိ သတ်မှတ်ထားပြီး ကူးစက်မှုနှုန်းမှာ ကိုဗစ်(၁၉) ပုံစံဖြင့် ကဲ့သို့ ကူးစက်နိုင်ပါသည်။ ယခုချိန် မျောက်ကျောက်ရောဂါ ကူးစက်မှုနိုင်ငံပေါင်း (၂၀) ကျော်ထိ ကူးစက်နေပြီး ရောဂါဖြစ်ပွားမှု (၁၇,၀၀၀) ကျော်ရှိကာ သေဆုံးသူ (၅၇၁) ဦးထိရှိလာနေကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်များအရသိရသည်။

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...