Saturday, January 20, 2024

စစ်ကောင်စီ နေပြည်တော်ကို ခြိမ်းခြောက်နေတဲ့ ၁၀၂၇

စစ်ကောင်စီ နေပြည်တော်ကို ခြိမ်းခြောက်နေတဲ့ ၁၀၂၇ 

 အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစပြီး ပုဝါမကူရေမရှု မနားတမ်းစစ်ပွဲတွေရဲ့ လှိုင်းလုံးအောက်မှာ အလူးအလိမ့်ရင်ဆိုင်ရပါတယ်။ အစပိုင်းကာလတွေမှာ ထိုးစစ်တွေရှိခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကြီးမားတဲ့ ထိုးစစ်တွေကို အလစ်အငိုက်ခံရပြီး ခုခံစစ်ကနေ ခွါစစ်အထိ ဗျူဟာပြောင်းလဲခဲ့ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို အပြတ်တွယ်ခဲ့တဲ့ ရှမ်းမြောက်စစ်မျက်နှာမှာလည်း စစ်ကောင်စီရဲ့ ဒကစ တခုလုံး လက်နက်ကိုင်ခဲ့ရပြီး ရုပ်လုံးမလှဆုံးရှုံးခဲ့ရပြန်တယ်။ တရုတ်ကြီးကို မျက်နှာချိုသွေး အပူကပ်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အခုချိန်ထိ ခရီးမတွင်သေး။ အဲ့ဒီလို တောင်တန်းနဲ့ ပြည်မတွေအထိ တောင်လှန်ရေးတပ်တွေရဲ့ အဘက်ဘက်က ထိုးစစ်တွေကို ခုခံကာကွယ်ခဲ့ရပေမယ့် စစ်ကောင်စီရဲ့ မာန်စွယ်က မကျိုးသေးတော့ ခုခံစစ်နဲ့ ခွါစစ်ဟန်ပြပြီး တန်ပြန်တိုက်စစ်ဆင်လာမလား ဆိုတာကိုတော့ ဘယ်သူကမှ တပ်အပ်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ရေးသွားလာမှု အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ 

 စစ်ကောင်စီရဲ့ တိုက်ပွဲဝင်စစ်ဌာနချုပ် ၊ စကခ ၊ တပ်မများ

 မြန်မာ့တပ်မတော်မှာ တိုင်းစစ်ဌာနချုပ် ၁၄ခု ၊ ခြေမြန်တပ်မဌာနချုပ် ၁၀ခု ရှိပြီးတော့ တပ်မတခုစီမှာ တပ်ရင်း ၁၀ရင်းနဲ့ ဝန်းရံထားတာဆိုတော့ စုစုပေါင်းတပ်ရင်း ၁၀၀ အထိ ရှိပါတယ်။ စစ်ဆင်ရေးကွပ်ကဲဌာနချုပ် (စကခ) ၂၀ခုရဲ့ အောက်မှာ တပ်ရင်း ၂၀၀ ထိရှိပြီးတော့ ဒေသကွပ်ကဲရေး (ဒကစ) က ၆ခု အထိရှိနေပါတယ်။ ခမရ ၊ ခလရ ၊ အမရ ၊ တပ်ရင်းပေါင်း ၅၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါမယ်။ ဒီစစ်ဌာနချုပ်တွေ ၊ စကခ ၊ ဒကစ တွေထဲက ရှမ်းပြည်ဘက်မှာ စစ်ဌာနချုပ် ၄ခုလောက် ရှိတဲ့အတွက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရခမ) အနေနဲ့ ခန့်မှန်းတပ်ရင်းအင်အား ၃၀ လောက် နဲ့ ဒကစ စစ်သည်အကုန်လုံးတိုက်ပွဲဝင်ကြတယ်လို့ ပြောလို့ရပါတယ် ။ ရခိုင်ဘက်မှာ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) ၊ ကချင်ဘက် မြောက်ပိုင်းစစ်ဌာနချုပ် (မပခ) ၊ ကရင်နီဘက်မှာ အရှေ့ပိုင်းစစ်ဌာနချုပ် (ရပခ) ၊ ချင်းဘက်မှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (နမခ) ၊ စစ်ကိုင်းနဲ့ မကွေးဘက်မှာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) ၊ကရင်ဘက်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တို့ဟာ နယ်မြေ ပြန့်ကြဲပြီး တိုက်ပွဲအဝင်ရဆုံး စစ်ဌာနချုပ်တွေ ဖြစ်ပါတယ်။

 တိုက်ပွဲဖြစ်ပွါးတဲ့ ဒေသ 

 ရှမ်းပြည်မြောက်ပိုင်း ၊ ရခိုင် ၊ ကချင် ၊ ကရင်နီ ၊ ချင်း ၊ စစ်ကိုင်း ၊ မကွေး ၊ ကရင် ၊ တနင်္သာရီ ၊ ပဲခူး နဲ့ ထားဝယ်တို့ဟာ စစ်ပွဲသံ မစဲတဲ့ ဒေသတွေအဖြစ် မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။ ယင်းဒေသတွေမှာ တော်လှန်ရေးညီနောင် (၃) ဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA အပါအဝင် BPLA ၊ PLA ၊ MDY(PDF) စတဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီဘက်က စကခ (၇) ၊ စကခ (၁၀) ၊ စကခ (၁၂) ၊ စကခ (၁၄) ၊ စကခ (၁၆) အပြင် တပ်မ (၅၅) ၊ တပ်မ (၉၉) ၊ တပ်မ (၁၀၁) ၊ ခမရ ၊ ခလရ ၊ အမရ ခန့်မှန်းတပ်ရင်းပေါင်း ၂၅ရင်းနဲ့ အတူ လောက်ကိုင်အခြေစိုက် ဒကစ ၊ ပြည်သူ့စစ် စတဲ့ အင်အားတွေနဲ့ အကြိမ်ပေါင်းမြောက်မြားစွာ တိုက်ပွဲဆင်နွဲနေတာပဲ ဖြစ်ပါတယ်။ ရခိုင်ဘက်မှာတော့ ရက္ခိုင့်တပ်တော် (ULA/AA) ၊ သူ့ရဲ့ မဟာမိတ်တပ်တွေ နဲ့ စစ်ကောင်စီဘက်က ရေးအခြေစိုက် စကခ(၁၉) ၊ ကျောက်တော်အခြေစိုက် စကခ (၉) ၊ တပ်မ (၁၁) ၊ တပ်မ (၅၅) နဲ့ ရေတပ် (Navy) ၊ နယ်ခြားစောင့်ရဲ အပြင် လေတပ်ကပါ ပါလာပြီး နှစ်ဘက်တိုက်ပွဲများ ဆင်နွဲနေတာ ဖြစ်ပါတယ်။ ကရင်နီပြည်မှာ KNPP ၊ KNDF ၊ KA စတဲ့ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီ စကခ (၂) ၊ ဖယ်ခုံအခြေစိုက် စကခ (၇) ၊ တပ်မ (၅၅) ၊ တပ်မ (၆၆) အပြင် လျွိုင်ကော် အခြေစိုက် ဒကစ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ် ။ ချင်းပြည်တွင်းမှာ ဆိုရင်လည်း ချင်းတပ်မတော် CNA ၊ CDF တပ်ပေါင်းစု ၊ NUG လက်အောက်ခံ PDF တပ်တွေနဲ့ စစ်ကောင်စီ တပ်မ (၇၇) တို့ ထိတွေတိုက်ပွဲပေါင်းများစွာ ရှိခဲ့ပါတယ်။ စစ်ကိုင်း ၊ မကွေးနဲ့ ထားဝယ်ဘက်တွေမှာတော့ NUG လက်အောက်ခံ PDF တပ်တွေ ၊ PLA (စစ်ကိုင်း) ၊ KIA (စစ်ကိုင်း) ၊ AA (စစ်ကိုင်း) ၊ ABSDF ၊ဗိုလ်နဂါးတို့ BNRA တို့နဲ့ စစ်ကောင်စီ အပြင် သူတို့ရဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကရင်ပြည်ဘက်မှာ KNU၊ KNDO၊ BPLA၊ NUG လက်အောက်ခံ PDF တွေနဲ့ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ စကခ (၁၂)၊ ရေးအခြေစိုက် စကခ (၁၉)၊ တပ်မ (၂၂)၊ နယ်ခြားစောင့် BGF တွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ထို့နည်းတူ ပဲခူး နဲ့ တနင်္သာရီ ဘက်တွေမှာ KNU ရဲ့ ဦးဆောင်မှုနဲ့အတူ BPLA ကလည်း မုန်းမြို့တိုက်ပွဲမှာ ပါဝင်ခဲ့ပြီးတော့ ပြည်သူ့တော်လှန်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ ကြားတိုက်ပွဲတွေ မကြာခဏပြင်းထန်ခဲ့ပါတယ်။ 

 တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့နဲ့တပ်စခန်းတွေ 

 ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA က ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ မုန်းကိုး၊ ကြူကုန် - ပန်ဆိုင်း၊ ဖောင်းဆိုင်၊ မိုင်လုံး၊ လောက်ကိုင်၊ ဟိုပန်း စတွေကို သိမ်းပိုက်ထားပြီး ကိုးကန့်ဒေသ တခုလုံးကိုလည်း သိမ်းပိုက်လိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။ TNLA ကလည်း နမ့်ဆန်းမြို့ ၊မန်တုံမြို့ ၊ နမ့်ခမ်းမြို့ ၊ မိုင်းလုံမြို့၊ နမ္မတူမြို့ ၊မိုင်းငေါ့မြို့ ၊ကွတ်ခိုင်မြို့တွေကို အင်အားအလုံးအရင်းနဲ့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ချင်းပြည်ဘက်မှာတော့ CNA ၊ CDF တို့က ရိဒ်ခေါဒါရ် ၊ နှာရိန် ၊ ဆူရ်ခွါ ၊ မကြီးအိမ်နှုး ၊ ဝေဘုလ ၊ လိုင်လင်းပီ ၊ ရေဇ္ဇာ စတဲ့ မြို့တွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကရင်နီပြည်မှာ KNDF ၊ KNPP ၊ KA တို့က မယ့်စဲမြို့နဲ့ မိုးဗြဲတို့ကို သိမ်းလိုက်ပါတယ်။ စစ်ကိုင်းဘက်မှာ KIA ဦးဆောင်မှုနဲ့အတူ PDF PLA ပါဝင်တဲ့ အဖွဲ့တွေက ကောလင်းမြို့ ၊ ခမ်းပတ်မြို့ နဲ့ ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ရရှိထားတယ်လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။ ကရင်ဘက်မှာ KNU နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်အာဏာသိမ်းကတည်းက စပြီး စစ်ကောင်စီရဲ့ ဗျူဟာစစ်စခန်းတွေကို တခုပြီးတခု သိမ်းပိုက်ရရှိခဲ့ပြီး ၊ ရခိုင်ဘက်မှာလည်း ရက္ခိုင့်တပ်တော် (ULA/AA) က စစ်ကောင်စီရဲ့ အဓိကကျတဲ့ ဗျူဟာကုန်းကြီးတွေ အပါအဝင် တပ်စခန်းငယ် ၁၄၀ ကျော်သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်၊ ၂၀၂၄ ခုနှစ် အစောပိုင်း ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (ULA/AA) က အပြီးအသတ် သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ကရင်နီပြည်မှာတော့ KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ လွိုင်ကော် PDF ၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊ မြိုပြတော်လှန်ရေးတပ်ဦးနဲ့ ရှမ်းတောင် PDF အတူပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးတရပ်ကို ၁၁၁၁ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့ပြီး ၂၀၂၃ နိုဝင်လာလ ၁၁ရက်နေ့က စတင်ပြီး မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့၊ လွိုင်ကော်မြို့၊ ဒီမောဆို့မြို့၊ နန်းမယ်ခုံမြို့ က စစ်ကောင်စီရဲ့ တပ်ရင်း တပ်စခန်းအားလုံးကို ထိုးစစ်ဆင်ခဲ့ပြီး စခန်း (၇) ခုလောက် သိမ်းယူနိုင်ခဲ့ပြီးတော့ ရဟတ်ယဉ်တစီးကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံ ညီနောင် မဟာမိတ်(၃)ဖော်ရဲ့ ၂၀၁၇ စစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်း ဒကစ ဗိုလ်မှုးချုပ်၊ ဗိုလ်မှုကြီး၊ ဒုဗိုလ်မှုးကြီး နဲ့ အခြား အရာရှိငယ်တွေ အပါအဝင် တပ်ရင်းဌာနတခုလုံး လက်နက်ချ အညံ့ခံခဲ့တာဟာ အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်အနေနဲ့ သမိုင်းဝင်အဖြစ်အပျက်ပါပဲ။ တခါ ရက္ခိုင့်တပ်တော် (ULA/AA) ဆီကို အရာရှိအကြီး အငယ် ပါဝင်တဲ့ စခန်းတခုလုံး လက်နက်ချတာတွေ၊ စစ်ကောင်စီတပ်သား ရာနဲ့ချီပြီး အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့တာတွေဟာ မြန်မာ့တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကို ထင်သာမြင်သာရှိစေခဲ့ပြီး တော်လှန်ရေးတပ်များက အခွင့်အရေးပေးတဲ့အခါတိုင်း စစ်ကောင်စီတပ်သားတွေက နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေဆီကို CDM လုပ် ခိုလှုံလာကြတာကိုလည်း မကြာခဏဆိုသလို တွေ့မြင်လာရပါတယ်။ 

 စစ်ကောင်စီရဲ့ဘေးကျပ်နံကျပ် 

 အကြမ်းဖက်စစ်တပ်မှာ ကြည်းတပ်ဟာ အဓိက ဖြစ်ပြီး လေတပ်နဲ့ ရေတပ်ကတော့ အင်အားအတော်အသင့်ရှိပါတယ်။ ကြည်းတပ်ရဲ့နောက်မှာ လေတပ်ဟာ အမြဲကူလေ့ရှိပြီးတော့ ရေတပ်က ရခိုင်ဘက်မှာ အသုံးများလာတာတွေ့ရပါတယ်။ ရဲ၊ မီးသတ်နဲ့ ဌာနဆိုင်ရာ အကြီးတန်းစာရေးတပ်ဖွဲ့ တွေကိုလည်း စစ်ပညာအချို့ကို သင်ကြားပေးထားပြီး UTC အပျော်တမ်းစစ်ရေးလေ့ကျင့်မှုတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့် BGF တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်တပ်အတွင်းရှိ မှီခိုယောက်ကျားသားများ စတဲ့ အဖွဲ့ငယ်တွေကို စစ်ရေးအပြောင်းအလဲအပေါ်မူတည်ပြီး လိုအပ်သလို အသုံးချတတ်တာကိုလည်း ထည့်တွက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးသမိုင်းမှာ အင်းစိန်ကို KNDO တပ်ဖွဲ့တွေ တက်သိမ်းတုန်းက ပဲခူးဘက်က ထောင်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ လက်နက်ခဲယမ်း တပ်ဆင်ပြီး တိုက်ခိုင်းခဲ့တဲ့ သာဓကကို မေ့ထားလို့ မဖြစ်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ Military ကို နှစ်ပေါင်း ၇၀ လောက် စနစ်တကျတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 လက်ရှိသုံးသပ်ခန့်မှန်းချက်တွေအရ တပ်ရင်း ၃၀၀ လောက်ဟာ အထိနာနေပြီး ရခိုင်ဘက်မှာ ရေတပ်ကို ထုတ်သုံးလာတာက သက်သေဖြစ်ပါတယ်။ တဘက်မှာ ညီနောင်(၃)ဖော်နဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို အလူးအလိမ့်ခံနေရပေမယ့် စစ်ကောင်စီဘက်ကတော့ ဗိုလ်သင်တန်းဆင်းပွဲ၊ ဆေးသင်တန်းဆင်းပွဲ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတွေကို အေးအေးလူလူ လုပ်ပြနေပါတယ်။ လက်ရှိအချိန်မှာ စစ်ဌာနချုပ် (၁၄)ခုရှိတဲ့ အထဲက (၈) ခုဟာ အသေအကြေခုခံနေရတဲ့အတွက် ကျန်တဲ့ စစ်ဌာနချုပ်(၆)ခုကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့ကို အဓိက ကာကွယ်တဲ့ ခံတပ်တွေ ဖြစ်နေပါပြီ။ ၂၀၁၇ စစ်ဆင်ရေးရဲ့ စစ်ရေးတွန်းအားကို ခုခံနေရတဲ့အချိန်မှာ တဘက်က စစ်ကောင်စီရဲ့ ရာထူးအပြောင်းအလဲတွေ မကြာခဏဖော်ပြလာတာဟာ စစ်ခေါင်းဆောင်အချင်းချင်း မယုံကြည်စရာ ကိစ္စတွေနဲ့ အတွင်းသံသယဝင်စရာအခြေအနေရှိနေတယ် ထင်ရှားစေပါတယ်။ 

 အခြေအနေကို ဆက်ပြီးသုံးသပ်ရရင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပံနေတဲ့ နိုင်ငံရေးပါတီတွေ၊ ခရိုနီတွေနဲ့ မီဒီယာလော်ဘီတွေ၊ စစ်လက်နက်ဝယ်ယူရေး ဆောင်ရွက်ပေးသူတွေဟာ လက်ရှိ လက်ရှိအခြေအနေမပြောင်းလဲရေးကို ကျားကန်ပေးနေသလို နိုင်ငံတကာ အကူအညီပေးနေတဲ့ ရုရှား၊ ထိုင်းနဲ့ အခြားသော နယ်စပ်ကုန်သွယ်ရေးကို အထောက်အကူပြုနေတဲ့ နိုင်ငံတွေဟာ စစ်ကောင်စီရဲ့ အခြေအနေကို စိတ်ဓါတ်ရေးရာအရ အထောက်အပံ့ပေးနေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အခြားတဘက်ကြည့်ရင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီအင်အား လျော့နည်းလာတာတွေ၊ တပ်သားအချို့ စိတ်ဓါတ်ရေးရာယိုင်နဲလာပြီး ထွက်ပြေးခိုလှုံတာတွေ၊ စစ်သုံးစရိတ်ပိုမိုသုံးစွဲလာရတဲ့ အတွက် ရက်လွန်အစားအစာ စားနေရတာတွေ၊ တပ်သားအဆင့်ကနေ ဗိုလ်မှုးအဆင့်အထိ လက်နက်ချလာတွေကို ထည့်တွက်ရင် ယခုစစ်ဆင်ရေးဟာ ခရီးပေါက်ထိရောက်ခဲပြီလို့ ဆိုနိုင်ပါတယ် ။ 

စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအခြေအနေ ဘက်မှာဆိုရင်လည်း နိုင်ငံတကာပို့ဆို့အရေးယူမှုတွေနဲ့ စစ်တပ်ထောက်တိုင် ကုမ္ပဏီတွေက စီးပွါးရေးပိတ်ဆို့ အရေးယူခံလာရတာတွေ၊ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံကို စွန့်ခွါသွားတာတွေ စတဲ့ အခက်အခဲအသီးသီးကို ရင်ဆိုင်နေရပါတယ်။ အခုဆိုရင် TNLA နဲ့ MDA (PDF) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကြောင့် ပြင်ဦးလွင်နဲ့ ၁၀မိုင်သာဝေးတဲ့ နောင်ချိုမြို့နယ် ကျောက်ပဲ့ရွာလေးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် တနိုင်ငံလုံးရွေးကောက်ပွဲ ကျင်းပရေးကို ဦးတည်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ၁၀၂၇စစ်ဆင်ရေး နောက်ပိုင်းမှာတော့ နေပြည်တော်ရဲ့ စစ်အာဏာကိုတောင် ခြိမ်းခြောက်နေပြီလို့ ဆိုနိုင်ရမလို ဖြစ်နေပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြ...