စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ရှမ်းမြောက်မှာ တိုက်ပွဲပြင်းနေချိန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက ဇူလိုင်၊ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဝ ပြည်အနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ အကျိုးစီးပွားကိုရှေ့ထားကြောင်း၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်သင့်ကြောင်း၊ ဝ အနေနဲ့ မည်သည့်ဘက်မှ မလိုက်ကြောင်း၊ နိုင်ငံတော် ပြိုကွဲတော့မည်ဖြစ်ကြောင်း စသည်ဖြင့် ထုတ်ပြန်ချက်ထဲမှာ ပါရှိတယ်ပေါ့လေ။ ရှမ်းမြောက်မှာ ၁၀၂၇ ဒုတိယပိုင်း ပြန်လည်း စတင်လာချိန် MNDAA ကလားရှိုးကို သိမ်းပိုက်လိုက်ပြီးနောက် UWSA ဝ တပ်ဖွဲ့က လားရှိုးကို ဝင်ရောက်လာပါတယ်။ အဲ့မတိုင်ခင် တန့်ယန်မြို့ကိုလည်း UWSA ဝ တပ်ဖွဲ့က ဝင်ရောက်နေရာ ယူတာတွေရှိပါတယ်။
ပထမ ၁၀၂၇ စစ်ဆင်ရေးတုန်းက ဟိုပန်းနဲ့ ပင်လုံကို MNDAA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် UWSA ဝ တပ်ဖွဲ့ကို လွှဲပေးလိုက်ပါတယ်။ အခုလည်း ဒီနည်းလားဆိုတာ မသေးကွဲပါဘူး။ ဒါပေမယ့် သေချာတာတခုကတော့ UWSA ဝ တပ်ဖွဲ့ဟာ ဆိုရင် ရှမ်းမြောက်ကတိုက်ပွဲတွေမှာ အများကြီး ကူညီပံ့ပိုးပေးခဲ့တာ ရှိပါတယ်။ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်တချို့ဖွဲ့စည်းထားတဲ့ FPNCC မှာဆိုလို့ရှိရင်လည်း UWSA ဝ တပ်ဖွဲ့ဟာ ခေါင်းကိုင် ကြီးဖြစ်နေ ပါတယ်။ ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေက စစ်အင်အားတွေပူးပေါင်းပြီး မြို့တွေကိုသိမ်းတယ် UWSA ဝ က နေရာ လေးအသာယူ လိုက်တယ်။ ဆိုတော့ ဒီကြားထဲမှာ သူတို့ရဲ့ အပေးအယူတခုခုက ဘာလည်းဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ MNDAA က တိုက် ပေးတယ် ဝ ကထိုင်ခုံလေးအသာလာချလိုက်တယ်ဆိုတော့ MNDAA မှာလည်း ရည်ရွယ်ချက် တခုတော့ ရှိမှာပါ ရှမ်းမြောက်မှာ စစ်ကောင်စီကင်းစင်သွားရင် နယ်မြေခွဲဝေတဲ့အခါမှာ MNDAA က အခုကတည်းက ဝ ကို လာဘ်ထိုးထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
စစ်ကောင်စီက UWSA ဝ တပ်ဖွဲ့ကို တိုက်ပွဲတွေမှာ မကူညီဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ ကလည်း UWSA ဝ ကို အခုချိန်မှာ နိုင်ငံရေးကစားနိုင်လောက်တဲ့ အဆင့်ထိမရှိပါဘူး။ UWSA ဝ ရဲ့ နောက်မှာ တရုတ် ခေါင်းကိုင်ဖခင်ကြီးရှိနေတာဆိုတော့ စစ်ကောင်စီက အောက်ကနေဝင်ရမယ့် အဆင့်ပါ။ UWSA ဝ နဲ့ MNDAA တို့ကြား အပေးအယူ ရှိနေသလို စစ်ကောင်စီနဲ့ UWSA ဝ တို့ကြားမှာလည်း ညှိနှိုင်းတာတွေ ရှိပါတယ်။ ဥပမာ - တန်းယန်မြို့ကို MNDAA လက်အောက်ကို မကျရောက်အောင် UWSA ဝ တပ်ကို ကြိုတင်နေရာ ယူခိုင်း တာမျိုး၊ မိုင်းရယ်မြို့ကို SSPP တပ်တွေ ဝင်ရောက်နေရာယူတာတွေ ဒါတွေက စစ်ကောင်စီရဲ့ အပေးအယူတွေ ဖြစ်ဖို့များပါတယ်။ စစ်ကောင်စီက အခုချိန်မှာ ဘေးကြပ်နံကျပ်ဖြစ်နေတဲ့အချိန်ပေါ့လေ။ UWSA ဝ တပ်ဖွဲ့ကို ထိုး ကျွေးနေပြီးတော့ ရှမ်းမြောက်မှာတိုက်နေတဲ့ အဖွဲ့တွေကို ထိန်းချုပ်ဖို့ ကြိုးစားခိုင်းပုံရပါတယ်။
မြောက်ပိုင်းမှာ ရှိတဲ့ လက်နက်ကိုင်တပ်တွေကိုသာ UWSA ဝ ကကိုင်နိုင်ပြီးဆိုရင် တရုတ်ရဲ့ ဩဇာကတော့ ဒီနေ့ သို့မဟုတ် မနက်ဖြန် ကျရောက်လာမှာပဲ။ စစ်ကောင်စီကို ကြိုးကိုင်နိုင်ဖို့ တရုတ်က ကြိုးစားနေတာ အခုတော့ ဂျက်ခေါင်းကို တွေ့တော့တာပါပဲ။ တရုတ်က မြန်မာနိုင်ငံမငြိမ်သက်လေ ပိုကြိုက်လေပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားလေ ပိုကြိုက်လေပါပဲ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့လေ။ မြန်မာနိုင်ငံကို တရုတ် ဩဇာအောက်မှာ ဖြစ်လာအောင် ကြိုးပမ်းလာတာအခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်က အရင်တုန်းကဆိုရင် စစ်တပ်လောက်ကိုပဲ ဆက်ဆံတာတွေ့ရတယ်။ ဒါပေမယ့် အခု ၂၀၁၀ နောက်ပိုင်းကစလို့ တရုတ်ဟာ တိုင်းရင်းသားတွေကိုပါ ကစားလာတာတွေ့ရပါတယ်။
စစ်ကောင်စီလည်း မြောက်ပိုင်းတိုက်ပွဲတွေကြောင့် တော်တော်လေးကို အကျပ်ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲဟာ ဒီလောက်တင်မပြီးသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်လိုချင်တဲ့အရာတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေ ပါတယ်။ တရုတ်က မြန်မာနိုင်ငံကို “မြွေမသေ တုတ်မကျိုး” လုပ်ထားပြီး ဩဇာခံမဖြစ်ဖြစ်အောင် လုပ်နေပါ တယ်။ အခုလပိုင်းတွေအတွင်းမှာလည်း တရုတ်နဲ့ စစ်ကောင်စီ အပေးအယူတွေ လုပ်လာနေတာကိုလည်း တွေ့ရပါတယ်။ လားရှိုးမကျခင်အချိန်ထိပေါ့။ တရုတ်က သိန်းစိန်ကိုခေါ်လိုက်၊ စိုးဝင်းခေါ်လိုက်နဲ့ အမိန့်တွေ ပေးလိုက် ညွန်ကြားချက်တွေပေးလိုက်နဲ့သိပ်မကြာဘူး ကျောက်ဖြူက သဘာဝဓာတ်ငွေ့အတွက် တင်ဒါကို တရုတ် ကရသွားပါလေရော၊ နောက်ထပ် ဘာလုပ်သေးလဲဆိုတော့ မြစ်ဆုံစီမံကိန်းကို လုပ်ဖို့ စစ်ကောင်စီနိုင်ငံခြား ဝန်ကြီး သန်းဆွေကိုခေါ်ပါလေရော ဒီလိုနဲ့ စစ်ကောင်စီက ရှိတာအကုန် ချပေးနေရတော့တယ်။ ဒီလို ချပေးနေတဲ့ ကြားက လားရှိုးအသိမ်းခံလိုက်ရတယ်ပေါ့လေ။ မိုးကုတ်လည်း ပါသွားပုံရတယ်။ တရုတ်က ဒီတခါ စစ်ကောင်စီကို ပဲ ကိုင်ဖို့ကြိုးစားနေတာ မဟုတ်ဘူး၊ တော်လှန်ရေးလက်နက်ကိုင်တွေကိုပါ ကိုင်ဖို့ကြိုးစားနေတာ ဖြစ်တယ်။ တရုတ်က နောက်ကွယ်က လက်မဲကြီးလုပ်နေတဲ့အချိန်မှာ တော်လှန်ရေးတပ်တွေအနေနဲ့ ကိုယ်နေရာကိုယ် ရထားလိုက်မယ်ဆိုရင်တော့ သူတို့အတွက်ဆိုတော့ မဆိုးဘူး။ ဒါပေမယ့် တရုတ်က နှစ်ဖက်ခွထိုင်ဖို့ ကြိုးစားနေ တယ်ဆိုတာ မြင်သာလာပါတယ်။
တရုတ်ကတော့ ရွှေမြန်မာကို ဗလူးဆိုင်းတီးပြီး ရုပ်သေးပဲကရမလား၊ မောင်ရွှေရိုးပဲ ကခိုင်းမလားဆိုတာ ကျွန်တော်တို့ပြောနေစကားအတိုင်းပဲ ဗမာဇာတ်ကားဆိုရင် “ဇာတ်သိမ်းကြည့်စရာမလိုဘူး၊ အစကြည်ရုံနဲ့ တန်းသိတယ်” လို့ပဲ ပြောရမလားပဲ။ စစ်ကောင်စီက အခုချိန်မှာ က ရမယ်ဆိုရင်လည်း က မယ်၊ ပေးရမယ် ဆိုရင် လည်းပေးတယ် အဓိကတရုတ်ဖိအားနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရေချိန်တွေ၊ ကြွေးကြော်သံတွေ နိမ့်ကျသွား က အဓိက ဖြစ်တယ်။ ဒီလို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရေချိန်တွေ လျော့သွားမယ်ဆိုရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်လည်း ဖြစ်လာနိုင်တယ်။ ဥပမာ - တိုင်းရင်းသားတွေက ပြောင်ပြောင်တင်းတင်း ခွဲမထွက် ပါဘူးလို့ အာမခံပေးသလိုမျိုးပေါ့။ အဲ့ဒါဆို စစ်ကောင်စီအတွက်လည်း ပိုပြီးနေသာထိုင်သာဖြစ်ပြီး စစ်ရေးအရ ရှုံး ပေမယ့် အနိုင်ငံရေးအရတော့ ထွက်ပေါက်ဖြစ်လာနိုင်တာပေါ့။
ဆိုတော့ တရုတ်ခေါင်းဆောင် တိန်းရှောင်ဖိန်ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ကြောင်က ဖြူတာပဲ ဖြစ်ဖြစ်၊ မဲတာပဲ ဖြစ်ဖြစ် အဓိက ကြွက်ကို ခုတ်တက်ဖို့ပဲလိုတယ်။ တရုတ်က သူ့အကျိုးစီးပွားအတွက် အလုပ်ဖြစ်မယ် ထင်ရင် မဟာဗျူဟာကျကျတော့ ရအောင်လုပ်မှာပဲ။ အဲ့ထဲမှာ ကြွက်ကိုခုတ်ပေးနိုင်တဲ့ အဖွဲ့တွေကတော့ ပါသွား မှာကတော့ ဗေဒင်တွက်ရင်တောင် ဆန်ကုန်နေအုံးမယ်။ တရုတ်နဲ့ပေါင်းကို ယုံလို့ပုံအပ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံ တောင် တော်သေးတယ် နိုင်ငံကိုရောင်းပြီး အကြွေးမဆပ်လိုက်ရတာကံကောင်းပါပဲ။